ရှေ့သို့
Image

ဒူးခေါင်းအရွတ်စုတ်ပြဲဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရနိုင်တဲ့အပြင် ကိုပါအမေရိက ပြိုင်ပွဲကိုပါ လွဲချော်ဖွယ်ရှိနေတဲ့ နေမာ

10:33 AM, 19 October

ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းနဲ့ ၁ နှစ်လုပ်ခ ပေါင်သန်း ၁၃၀ တန်စာချုပ် ချုပ်ဆိုပြီး ၂ လအကြာ လက်ရှိ ဘရာဇီးအသင်းနဲ့ ပူးပေါင်းနေတဲ့ တောင်ပံကစားသမားနေမာဟာ ဒူးခေါင်းအရွတ်စုတ်ပြဲဒဏ်ရာကြောင့် ရာသီကုန်အထိအနားယူရဖွယ်ရှိနေပြီး လာမယ့် နွေရာသီမှာ ကျင်းပမယ့် ကိုပါအမေရိကပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့လည်း မသေချာတဲ့အခြေအနေမှာရှိနေပါတယ်။

ပီအက်စ်ဂျီနဲ့ ဘာစီလိုနာ ကစားသမားဟောင်းဟာ ယမန်နေ့က ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် ဥရုဂွေးနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ ဘရာဇီးအသင်းအတွက် ပါဝင်ကစားရင်း ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ ဥရုဂွေအသင်းရဲ့ တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ရဲ့ခြေစွမ်းပြမှုတွေကြောင့် ဘရာဇီးအသင်း ၂-၀ ဆိုတဲ့ ရလဒ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။

ယခုအခါ နေမာရဲ့ဆော်ဒီကလပ် အယ်လ်ဟီလယ်က တွစ်တာမှတစ်ဆင့် “ဆေးစစ်ချက်တွေအရ နေမာဟာ ဒူးခေါင်းအတွင်း အရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ခွဲစိတ်ကုသမှုခံယူဖို့လိုအပ်ပြီး ကုသမယ့်အစီအစဉ်ကိုတော့ မကြာခင်မှာဆုံးဖြတ်သွားမှာပါ” လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။

နေမာဟာ ဆော်ဒီကလပ်သို့ ၁ နှစ်လုပ်ခ ပေါင်သန်း ၁၃၀ သဘောတူညီချက်နဲ့လွန်ခဲ့တဲ့၂ လက ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာ ရရှိခဲ့ချိန်မှာ နေမာဟာ သူ့ကိုယ်သူ တစ်ခုခုဖြစ်သွားခဲ့ပြီဆိုတာကို ရိပ်မိခဲ့ပုံပေါ်ပါတယ်။

ကစားသမားဟာ ကွင်းထဲမှာပြေးနေရာမှ ရုတ်တရက် လဲကျသွားပြီး ဘယ်ဘက်ဒူးခေါင်းကို ဆုပ်ကိုင်ထားခဲ့တာဖြစ်ပါတယ်။ ထို့နောက်မှာ အသင်းဖော်တွေက အကူအညီပေးရန် ဝိုင်းအုံလာကြသော်လည်း ၎င်းက ဆေးကုသမှုခံယူရန် ချက်ချင်းတောင်းဆိုခဲ့ပါတယ်။ အသက်-၃၁ နှစ်အရွယ်ကစားသမားဟာ ပြင်းထန်တဲ့ဝေဒနာကြောင့် ပထမပိုင်း အပြီးမှာပဲ ထမ်းစင်နဲ့သယ်ထုတ်ခံခဲ့ရပြီး မျက်ရည်တွေနဲ့ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

အခုချိန်မှာတော့ နေမာကြောက်ရွံ့နေခဲ့တဲ့အတိုင်း ဒဏ်ရာဟာအလွန်ပြင်းထန်ကြောင်း အတည်ပြုလိုက်ပြီဖြစ်ပါတယ်။ နေမာဟာ ယခုနှစ်အတွင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပြီး ခက်ခဲတဲ့နှစ်တစ်နှစ်ဖြစ်လာခဲ့ပါတယ်။ ပီအက်စ်ဂျီကစားသမားဘဝ နောက်ဆုံးရာသီ ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာလည်း ကစားသမားဟာ ညာဘက်ခြေကျင်းဝတ်ဒဏ်ရာ ရရှိပြီး ခွဲစိတ်ကုသမှုခံယူခဲ့ရတာကြောင့် ပီအက်စ်ဂျီအတွက် ကစားပေးနိုင်ခြင်းမရှိခဲ့ပါဘူး။

နေမာရဲ့ပီအက်စ်ဂျီကစားသမားဘဝ နောက်ဆုံးပွဲစဉ်ဟာ လိုင်လီကို ၄-၃ နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ဖြစ်ပြီး ထို့နောက်မှာတော့ ဘရာဇီးစူပါစတားဟာ ဒဏ်ရာကြောင့်အနားယူနေခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာတော့ ကစားသမားဟာ ပဲရစ်မှ ထွက်ခွာပြီး အယ်လ်ဟီလယ်သို့ ပေါင် ၇၈ သန်းနဲ့ပြောင်းရွှေ့ခဲ့ပါတယ်။ အယ်လ်ဟီလယ်အသင်းကလည်း နေမာကို တခမ်းတနားကြိုဆိုခဲ့ကြပြီး အသင်းပရိသတ် ၆ သောင်းခန့်လောက်က အခမ်းအနားသို့တက်ရောက်ခဲ့ကြပါတယ်။ ဒါဟာ နေမာလိုအရေးပါတဲ့ကစားသမားတစ်ဦးတွက် အသင်းရဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သော်လည်း ယခုချိန်မှာတော့ နေမာဟာ ကာလရှည် ဘေးမှာထွက်ထိုင်နေရတော့မှာပါ။

#ဘရာဇီး #နေမာ #ကိုပါအမေရိက