ရှေ့သို့
Image

ဆန်မာရီနို ကစားသမားတွေက အန္တရာယ်ရှိတဲ့ ကစားပုံတွေနဲ့ ကစားသမားဘဝကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ကြတယ်လို့ ပြောကြားလာတဲ့ ဟွိုက်လန်း

4:40 PM, 18 October

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ဟွိုက်လန်းက ယနေ့နံနက်အစောပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ ဆန်မာရီနိုနဲ့ပွဲစဉ်မှာ ဒိန်းမတ်လက်ရွေးစင်အသင်း အတွက် ပွဲထွက်ပါဝင်ခဲ့ပြီး ပွဲအပြီးမှာ ဆန်မာရီနိုကစားသမားတွေက ၎င်းရဲ့ ဘောလုံးကစားသမားဘဝကို ပျက်စီးစေလောက်အောင် ကစားပုံတမ်းကြမ်းခဲ့ကြတယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ဒိန်းမတ်အသင်းက ၁-၂ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ဒိန်းမတ်အသင်း အတွက်အဖွင့်ဂိုးကို ပထမပိုင်းပြီးဖို့ ၃ မိနစ်အလိုမှာ ဟွိုက်လန်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဆန်မာရီနို ကစားသမားတွေဟာ တိုက်စစ်မှူးကို တမင်သက်သက်ဒဏ်ရာ ရရှိစေရန် ရည်ရွယ်ချက်ရှိရှိနဲ့ ကြမ်းကြမ်းတမ်းတမ်းကစားခဲ့ကြပြီး ညစ်ပတ်တဲ့ လှည့်ကွက်တွေကိုလည်း အသုံးပြုခဲ့တယ်လို့ဆိုပါတယ်။

အဆိုးဆုံးကတော့ ပွဲချိန် ၈၈ မိနစ်မှာ ဆန်မာရီနို ကစားသမား ရော်ဘတ်တိုဒီမာရီယိုက ဘောလုံးကို မရည်ရွယ်ဘဲ ဟွိုက်လန်းရဲ့နောက်ကျောကို ဒူးနဲ့တိုက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဟွိုက်လန်းက ဆန်မာရီနိုကစားသမားတွေဟာ ၎င်းရဲ့ကစားသမားဘဝကို အဆုံးသတ်ဖို့ မစ်ရှင်တစ်ခုလုပ်ခဲ့ကြတယ်လို့ အခိုင်အမာပြောကြားလာခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ယူနိုက်တက်တိုက်စစ်မှူးက TV2 သို့ “နောက်ဆုံးအကြိမ် ဘောလုံးယှဉ်လုခဲ့တုန်းက သူတို့က ဘောလုံးကိုလုံးဝ ပစ်မှတ်မထားခဲ့ပါဘူး။ ဒီလိုနောက်ကျောကိုဒူးနဲ့ထောက်တာက သေချာပေါက် အနီကတ်ပြရမှာပါ။ ဒါပေမယ့် ရယ်စရာကောင်းပါတယ်။ ဒိုင်လူကြီးက အဝါကတ်ပဲပြသခဲ့ပါတယ်။ ဒါက အဝါကတ်ပြရုံနဲ့မပြီးပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး “ဒါကလေးစားမှုမရှိတဲ့ လုပ်ရပ်တစ်ခုပါ။ ကျွန်တော်ဒီထက်ပိုပြီးတော့ အများကြီးမပြောချင်ပါဘူး။ ကျွန်တော်ထင်တာကတော့ သူတို့က နောက်တစ်ဆင့်တက်နိုင်စရာအကြောင်းမရှိတော့လို့ ကျွန်တော့်ကိုလည်း ကစားသမားဘဝကနေအနားယူရအောင်လို့ ကြံစည်ခဲ့ကြတာဖြစ်ပါလိမ့်မယ်” လို့ပြောကြားခဲ့ပါတယ်။

ဒိန်းမတ်အသင်းခေါင်းဆောင် ဆိုင်မွန်ကလည်း အဆိုပါပြစ်ဒဏ်ကျူးလွန်မှုကို ဒေါသထွက်ခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက ဘရာဇီးတိုက်စစ်မှူး နေမာကို ကိုလံဘီယာ နောက်ခံလူ ဇူနီခါရဲ့ ပြစ်ဒဏ်ကျူးလွန်မှုနဲ့ခိုင်နှိုင်းပြောဆိုခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ဇူနီခါက နေမာရဲ့ကျောကုန်းကိုနောက်ကနေ ပြင်းပြင်းထန်ထန်ဒူးခေါင်းနဲ့ တိုက်ခဲ့တာကြောင့် နေမာဟာဒဏ်ရာရရှိပြီး ဘရာဇီးရဲ့ကျန်တဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့ရပါတယ်။

ဆိုင်မွန်က “ဟွိုက်လန်းကိုကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်ဟာ ရှင်းရှင်းလင်းလင်းကို အနီကတ်ပြရမှာပါ။ ဒါက ၁၀၀ ရာခိုင်နှုန်းတမင်သက်သက်လုပ်ခဲ့တာဖြစ်လို့ နေမာခံခဲ့ရဖူးနဲ့အခြေအနေနဲ့ အတူတူပါပဲ။ ဒါက ကြိုတင်ကြံစည်ပြီး ကျောကုန်းကို ဒူးနဲ့တိုက်ခဲ့တာပါ။ ရည်ရွယ်ရှိရှိကျူးလွန်ခဲ့တာပါ” လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဆိုင်မွန်က ဆန်မာရီနို ကစားသမားတွေဟာ ဟွိုက်လန်းကို ဘယ်လို ဟန့်တားရမလဲဆိုတာကို ကွင်းထဲမှာ ကြားခဲ့ရတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ ၎င်းက “ဒါကတကယ်ကိုအန္တရာယ်ရှိပါတယ်။ ကျွန်တော်က ဒိုင်လူကြီးကို ဒီလိုဒူးနဲ့တိုက်ခဲ့တဲ့အခြေအနေက တမင်သက်သက်လုပ်ခဲ့တာလို့ပြောခဲ့ပါတယ်။ သူတို့ရည်ရွယ်ခဲ့တဲ့အကြောင်းကို ဘာသာပြန်ပေးရဦးမလားလို့လည်း မေးခဲ့ပါတယ်။ ကျွန်တော်တို့မှာ VAR လည်းရှိပါတယ်။ ပြီးတော့ ကွင်းထဲက ပရိသတ်တွေတောင် ဒါဟာ ၁၀၀ ရာခိုင်နှုန်း ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တယ်ဆိုတာကို မြင်နိုင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ယခုအခါ နိုင်ငံတကာပွဲစဉ်ကာလက ပြီးဆုံးသွားခဲ့ပြီဖြစ်တာကြောင့် ဟွိုက်လန်းဟာ ကလပ်အသင်း  မန်ချက်စတာယူနိုက်တက်အတွက် ပြန်လည်အာရုံစိုက်ရမှာဖြစ်ပြီး လာမယ့်စနေနေ့ ရှက်ဖီးလ်ယူနိုက်တက်နဲ့ယှဉ်ပြိုင်မယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပြန်လည်ပါဝင်သွားရမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒိန်းမတ် #ဆန်မာရီနို #ဟွိုက်လန်း