ရှေ့သို့
Image

အင်္ဂလန်အသင်း အတွက် ပါဝင်နိုင်ခြင်းမရှိခဲ့တဲ့ ဆာကာကို သတင်းစကားပေးပို့လိုက်တဲ့ ဖိုဒန်

3:48 PM, 18 October

ယနေ့နံနက်အစောကပိုင်းက အီတလီကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အင်္ဂလန်အသင်းရဲ့တောင်ပံမှာ ဖီးလ်ဖိုဒန်ဟာ ၎င်းရဲ့ပြိုင်ဘက် ဘူကာယိုဆာကာကို ကျော်ဖြတ်ကာ ပထမအသင်းလူစာရင်းမှာ ပါဝင်လာခဲ့ပြီး ပွဲထွက်ခွင့်ရရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပွဲအပြီးမှာ ဖိုဒန်က ဆာကာကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပြီး သတင်းစကားပါးလိုက်တာဖြစ်ပါတယ်။

ပွဲအပြီးမှာ အင်္ဂလန်အသင်းဟာ ၃-၁ နဲ့ပြတ်ပြတ်သားသားအနိုင်ရရှိခဲ့တာကြောင့် ၂၀၂၄ ယူရိုပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်နိုင်ဖို့ သေချာသွားခဲ့ပြီဖြစ်ပါတယ်။ ဆာကာဟာ နိုင်ငံတကာပွဲစဉ်တွေမစတင်မီ အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် နိုင်ငံအသင်းမှ နုတ်ထွက်ခဲ့ရတာဖြစ်ပါတယ်။၊ ဒါကြောင့် ၎င်းရဲ့နေရာမှာ မန်စီးတီး တောင်ပံကစားသမား ဖိုဒန်က ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ အင်္ဂလန်အသင်းရဲ့ ကစားသမားနေရာတိုက်ပွဲတွေအကြောင်းမေးမြန်းခဲ့ရာ ဖိုဒန်က “ဆာကာက အရည်အသွေးမြင့်တဲ့ကစားသမားတစ်ဦးဖြစ်ပြီး အင်္ဂလန်ရဲ့ ပွဲစဉ် ၁၀ ပွဲမှာဆို အနည်းဆုံး ၇ ပွဲလောက်အထိ ပွဲထွက်ခွင့်ရရှိပါတယ်။ ကျွန်တော့်အနေနဲ့လည်း ပွဲထွက်ခွင့်မရရှိဘူးဆိုရင် အရန်ခုံကနေဆင်းပြီး အသင်းကို တတ်နိုင်သလောက်ကူညီဖို့ အဆင်သင့်ရှိပါတယ်။ ကျွန်တော်တို့မှာ အသင်းကိုတွန်းအားပေးနိုင်တဲ့ ကစားသမားတွေအများကြီး ရှိနေလို့စိတ်လှုပ်ရှားမိပါတယ်။ ဒါကအသင်းရဲ့ ခိုင်မာတဲ့အရည်အသွေးကိုပြနေတာပါ” လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အင်္ဂလန်ရဲ့နိုင်ပွဲနဲ့ပတ်သက်ပြီး “ဒါဟာ တောက်ပတဲ့ စွမ်းဆောင်ရည်တစ်ခုပါ။ အထူးသဖြင့် ကျွန်တော်တို့အသင်းရဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်က အထူးကောင်းမွန်တယ်လို့ထင်ပါတယ်။ အီတလီလို အသင်းမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါမှာ တိုက်စစ်ကစားသမားတွေလည်း တစ်ခါတလေမှာခံစစ်ကစားရပါတယ်။ ကျွန်တော်တို့ အနေနဲ့ ခံစစ်လုပ်ဆောင်ချက်ကောင်းကောင်းကိုပြသနိုင်ခဲ့တယ်လို့ထင်ပါတယ်။ ဒီရလဒ်အတွက်လည်း ပျော်ပါတယ်။ ဒီလိုအသင်းကြီးတွေကို ဆက်တိုက်အနိုင်ရှိဖို့က ကျွန်တော်တို့လိုချင်တဲ့အရာပါ။ သူတို့ရဲ့ တန်ပြန်တိုက်စစ်တွေကလည်း အရမ်းအန္တရာယ်များပါတယ်။ ဒုတိယဂိုးမှာ ကျွန်တော်က ဘယ်လင်ဟမ်ကို ဘောလုံးပေးပို့ခဲ့ပြီး သူက ရက်ရှ်ဖို့ဒ်ကိုရှာတွေ့ခဲ့လို့ ရက်ရှ်ဖို့ဒ်က အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

#ဆာကာ #အင်္ဂလန် #ဖိုဒန် ယူရို၂၀၂၄ခြေစစ်ပွဲ