ရှေ့သို့
Image

အာဂျင်တီးနား အသင်းဟာ သမိုင်းတစ်လျှောက် အကောင်းဆုံး အသင်းဖြစ်ဖို့နီးစပ်လာပြီလို့ ပြောကြားလိုက်တဲ့ မက်ဆီ

2:45 PM, 18 October

ယနေ့နံနက်အစောပိုင်းက ပီရူးနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အာဂျင်တီးနားက ၀-၂ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက်  အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့တဲ့ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီက ၎င်းရဲ့အာဂျင်တီးနားအသင်းဟာ ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံး အသင်းဖြစ်လာဖို့ နီးစပ်နေပြီလို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ လက်ရှိမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို ရာနှုန်းပြည့်နိုင်ပွဲရယူထားနိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် အသင်းခေါင်းဆောင် မက်ဆီဟာလည်း ဆက်လက်တာဝန်ကျေနေဆဲဖြစ်ပြီး အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ပထမဦးဆောင်ဂိုးကို ၃၂ မိနစ်မှာပဲ စတင်ရှာတွေ့ခဲ့ပြီး ဂိုးဧရိယာအတွင်း အသင်းဖော် ဂွန်ဇာလက်ဇ်ရဲ့ဖန်တီးပေးပို့မှုမှတစ်ဆင့် ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ နောက်ထပ် ၁၀ မိနစ်အကြာမှာတော့ အန်ဇိုဖာနန်ဒက်စ်ရဲ့ပေးပို့မှုတစ်ဆင့် ဒုတိယဂိုး ဆက်လက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ၂ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် မက်ဆီဟာ တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်မှာ ဘာစီလိုနာအသင်းဖော်ဟောင်း ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ရဲ့ ၂၉ ဂိုးစံချိန်ကို ၂ ဂိုးအသာ ၃၁ ဂိုးနဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

လီယွန်နယ်စကာလိုနီရဲ့အသင်းဟာလက်ရှိမှာ ၄ ပွဲကစား ၄ ပွဲနိုင်ရလဒ်နဲ့ အုပ်စုရဲ့ထိပ်ဆုံးနေရာမှာရပ်တည်နေပြီး ဥရုဂွေး၊ ဘရာဇီးနဲ့ ဗင်နီဇွဲလားတို့ကို ၅ မှတ်အထိဖြတ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီက ၎င်းရဲ့ကမ္ဘာ့ချန်ပီယံအသင်းဟာ ကမ္ဘာပေါ်မှာအကောင်းဆုံး အသင်းဖြစ်ကြောင်း ထပ်မံသက်သေပြနိုင်ဖို့ နီးစပ်လာပြီလို့ယုံကြည်နေတာဖြစ်ပါတယ်။

မက်ဆီက “ဒီအသင်းက မယုံနိုင်စရာပါပဲ။ သူတို့ကစားတဲ့ပုံစံက သမိုင်းတစ်လျှောက် အကောင်းဆုံးအသင်းဖြစ်ဖို့ တော်တော်နီးစပ်နေပါပြီ။ ကျွန်တော်တို့ အများကြီး တိုးတက်လာပြီလို့ထင်ပါတယ်။ ကမ္ဘာ့ဖလားဆွတ်ခူးပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ ယုံကြည်မှုရှိလာတဲ့အပြင် ပိုပြီးစည်းလုံးလာခဲ့ပါတယ်။ ရှေ့ဆက်ပြီး တိုးတက်နိုင်ဦးမယ်လို့ မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

အသက်-၃၆ နှစ်အရွယ် ကစားသမားဟာ မနက်ဖြန်မှာ ချာလော့နဲ့ကစားရမယ့် အင်တာမီယာမီရဲ့ ပထမအကျော့ပွဲစဉ်ကို လွဲချော်သွားမှာဖြစ်သော်လည်း တနင်္ဂနွေနေ့မှာ ကစားမယ့် ဒုတိယအကျော့ပွဲစဉ်မှာတော့ ပါဝင်နိုင်ချေရှိပါတယ်။

#ပီရူး #အာဂျင်တီးနား #ကမ္ဘာ့ဖလားခြေစစ်ပွဲ #မက်ဆီ