ရှေ့သို့
Image

ဂရိကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွက် ကွင်းမျက်နှာပြင်အခြေအနေအပေါ် မကျေမနပ်ဖြစ်နေတဲ့ ဗန်ဒိုက်

4:09 PM, 17 October

ဒီနေ့မနက်ပိုင်း၊ ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ်အဖြစ် အဝေးကွင်းမှာ ဂရိကို ဝ-၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် လီဗာပူး ကပ္ပတိန်ဗန်ဒိုက်က ဘောလုံးကွင်းရဲ့မျက်နှာပြင်အခြေအနေအပေါ် မကျေမနပ်ဖြစ်နေခဲ့ပါတယ်။

အခုပွဲစဉ်ရဲ့ ပထမပိုင်းပွဲချိန်အတွင်း ထောင့်ကန်ဘောပေးပို့မှုမှတဆင့် ဂိုးရယူဖို့ ကြိုးစားတဲ့ ဗန်ဒိုက်ကို ဂရိနောက်ခံလူ ကူလီရာကစ်က ဆွဲထားခဲ့လို့ ပယ်နယ်တီ ရရှိခဲ့ပါတယ်။ ဒါပေမယ့် ရရှိလာတဲ့ပယ်နယ်တီကို ဝက်ဂ်ဟော့ အဆုံးသတ်ကန်သွင်းရာ ကန်ချက်က ညံ့ဖျင်းလွန်းခဲ့လို့ ဂရိဂိုးသမားကာကွယ်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲချိန်တွေမှာလည်း ရလဒ်ပိုင်းက မပြောင်းလဲခဲ့ဘဲ သာမန်ပွဲကစားချိန်ကုန်လွန်ပြီးနောက် နာကျင်အချိန်ပိုမှာ နယ်သာလန်တောင်ပံကစားသမား ဒမ်ဖရီးစ်ကို ဂရိကစားသမားပက်ဗ်လီဒီစ် ကစားပုံကြမ်းတမ်းခဲ့လို့ ရော်နယ်ကိုးမန်းရဲ့အသင်းဟာ အခုပွဲစဉ်အတွင်း ဒုတိယမြောက်ပယ်နယ်တီ ရရှိခဲ့ပါတယ်။

ဒီပယ်နယ်တီကို အသက်-၃၂ နှစ်အရွယ်ကစားသမားက နယ်သာလန်ရဲ့ ၂၀၂၄ ခုနှစ် ဥရောပချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိရေး မျှော်လင့်ချက်အတွက် အရေးပါတဲ့ အနိုင်ဂိုးအဖြစ် သွေးအေးအေးဖြင့် ပြောင်းလဲပေးခဲ့ပါတယ်။
ဆက်လက်ပြီး နယ်သာလန်အတွက် တတိယမြောက်ပယ်နယ်တီဖြစ်လာမယ့် အခွင့်အရေးကို VAR က ပြန်လည်သုံးသပ်နေချိန်မှာ အပြင်းအထန်စောဒကတက်ခဲ့တဲ့ ဂရိနည်းပြဂတ်စ်ပိုယက်ကို ကွင်းလယ်ဒိုင်က အနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။ ပွဲပြီးချိန်မှာတော့ ဂရိ ဝ-၁ နယ်သာလန် ဆိုတဲ့ရလဒ် ထွက်ပေါ်လာခဲ့ပါတယ်။

အခုလိုနိုင်ငံ့အတွက် သူရဲကောင်းဖြစ်လာခဲ့ပေမယ့် ဗန်ဒိုက်ကတော့ ကွင်းရဲ့အခြေအနေနဲ့ ပတ်သက်လို့ ပွဲပြီးသတင်းစာရှင်းလင်းပွဲအတွင်း မကျေမနပ်ပြောဆိုခဲ့ပါတယ်။ “ကွင်းရဲ့အခြေအနေကို ခင်ဗျားတို့ မြင်တွေ့ခဲ့ကြလား? အခုလိုအဆင့်မှာ ဒီလိုကွင်းမျိုးကို ကစားဖို့ ခွင့်ပြုပေးထားတာ အံ့သြစရာပဲ”လို့ ဗန်ဒိုက်က ပြောပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်ဇယားရေးဆွဲထားမှုဟာ ကစားသမားတွေကို ပွဲတွေ အများအပြားကစားစေဖို့ လုပ်ဆောင်ထားတယ်လို့ မကြာသေးမီကပဲ ဝေဖန်ထားတဲ့ လီဗာပူးနောက်ခံလူအတွက် အခုနိုင်ငံတကာသီတင်းပတ်က စိတ်ရှုပ်စရာရက်သတ္တပတ် ဖြစ်လာခဲ့ပါတယ်။

ဗန်ဒိုက်က “အင်္ဂလန်မှာ ကျွန်တော်တို့ ယုံကြည်ထားတာတစ်ခုကတော့ ပွဲစဉ်တွေ အရမ်းကြပ်တည်းနေတယ် ဆိုတာပါပဲ။ ကစားသမားတွေက လုပ်ခလစာ ကောင်းကောင်းရနေကြပေမယ့် ဒီလိုပေးထားရလို့ ကျွန်တော်တို့ရဲ့ကျန်းမာရေး ထိခိုက်စေလောက်တဲ့အထိ ကစားခိုင်းတာမျိုး မသင့်တော်ပါဘူး။ ကျွန်တော်တို့ ပွဲတွေ ဆက်တိုက် ကစားနေရတယ်။ ကျွန်တော်တို့ ကစားသမားတွေ ကိုယ်တိုင်ကလည်း ဒါနဲ့ပတ်သက်လို့ တစ်ခုခုတော့ ထုတ်ပြောသင့်သလို အဖြေရှာဖို့လည်း လုပ်ဆောင်သင့်ပါတယ်”လို့ ပြောပါတယ်။

ဒီအဆိုအပေါ် ကစားရတဲ့ပွဲစဉ်အရေအတွက်နည်းပါးသွားရင် လစာရဲ့ ဆယ်ရာခိုင်နှုန်းကို ဖြတ်တောက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလားလို့ ပြန်လည်မေးခွန်းထုတ်လာမှုအပေါ် ဗန်ဒိုက်က “ No. ပွဲနည်းနည်းပဲ ကစားရတာနဲ့ ကျွန်တော်ရဲ့လုပ်ခလစာက တိုက်ရိုက်သက်ဆိုင်မှုမရှိဘူးလေ”လို့ တုံ့ပြန်ခဲ့ပါတယ်။

#ဂရိ #ဗန်ဒိုက် ယူရို၂၀၂၄ခြေစစ်ပွဲ