ရှေ့သို့
Image

ဘယ်နောက်ခံနေရာမှာ ကစားနေရသော်လည်း သူဟာကွင်းလယ်လူတစ်ယောက်ဖြစ်တယ်လို့ ဖွင့်ဟလာခဲ့တဲ့ ကာမာဗင်ဂါ

4:33 PM, 16 October

ရီးရဲလ်မက်ဒရစ်နဲ့ပြင်သစ်လက်ရွေးစင်အသင်းအတွက် ဘယ်နောက်ခံလူအဖြစ်ကစားနေရသော်လည်း ၎င်းဟာကွင်းလယ်လူတစ်ယောက် ဖြစ်ကြောင်း ကာမာဗင်ဂါက ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

အရောင်းအဝယ်စာချုပ်မှာ ကွင်းလယ်ကစားသမားအဖြစ်သတ်မှတ်ထားသော်လည်း ရန်းနက်စ်ကြယ်ပွင့်ဟောင်းဟာ ပြီးခဲ့တဲ့ရာသီကတည်းက ရီးရဲလ်မက်ဒရစ်ရဲ့ဘယ်နောက်ခံနေရာမှာ အကြိမ်ပေါင်းများစွာ ပါဝင်ခဲ့ရပြီး ယခုလက်ရှိရာသီမှာလည်း ဘယ်နောက်ခံကစားသမားအဖြစ်သာ ကစားနေရတာဖြစ်ပါတယ်။

ဒါ့အပြင်အသင်းနည်းပြ ကားလို့စ်အန်ဆယ်လော့တီကလည်း ပြင်သစ်လက်ရွေးစင်ကစားသမားကို ဘယ်နောက်ခံနေရာမှာသာ အသုံးချဖို့ဆန္ဒရှိနေပြီး အရည်အသွေးမြင့် ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ သို့သော် ကာမာဗင်ဂါကမူ ၎င်းဟာကွင်းလယ်ကစားသမား တစ်ဦးဖြစ်ကြောင်းနဲ့ ဘယ်နောက်ခံနေရာမှာကစားရတာ ပျော်ရွှင်မှုရှိမရှိကို အင်တာဗျူးတစ်ခုမှာဖွင့်ဟလာခဲ့ပါတယ်။

ရန်းနက်စ်ကြယ်ပွင့်ဟောင်းဟာ ၎င်းရဲ့အသင်းတွေအတွက် မည်သည့်အခန်းကဏ္ဍကမဆို ပါဝင်ရသည်ကိုပျော်ရွှင်ကြောင်း ပြောဆိုခဲ့ပေမယ့် သူ့ကိုသူကွင်းလယ်လူတစ်ယောက်ဖြစ်တယ်ဆိုတာကို အလေးပေးဖော်ပြခဲ့ပါတယ်။ ၎င်းက “ကျွန်တော်က ကွင်းလယ်လူတစ်ယောက်ဖြစ်တယ်ဆိုတာ လူတိုင်းသိမယ်လို့ထင်ပါတယ်။  နောက်တန်းကစားသမားအဖြစ်ကစားရတာ ကျွန်တော့်အတွက်အဆင်မပြေဘူးဆိုရင်တောင် အသင်းအတွက်ဆိုရင်တော့ ကစားပေးသွားမှာပါ။ ဒါပေမယ့် ကျွန်တော်က ကွင်းလယ်လူတစ်ယောက်ဖြစ်နေဆဲပါ။ ကျွန်တော်ဟာ အသင်းအတွက်ကစားပေးနေတဲ့လူတစ်ယောက်ဖြစ်တာကြောင့် လိုအပ်တဲ့နေရာမှာ ပါဝင်ဖို့အဆင်သင့်ရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ၎င်းက “ကျွန်တော်က နောက်တန်းအဖြစ်ကစားရမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် နည်းပြနဲ့ စကားပြောခဲ့ပေမယ့် ကျွန်တော်အမြဲတမ်းပြောသလိုပါပဲ။ အသင်းကအရေးအကြီးဆုံးပါ။ အသင်းရဲ့ အဲဒီနေရာမှာ ကစားသမားတစ်ဦးကိုအသုံးချဖို့အလိုရှိတယ်ဆိုရင် ကျွန်တော်ပဲ ကစားလိုက်မှာပါ။ ခက်ခဲပြီး ကျွန်တော်သိပ်မကြိုက်တဲ့ နေရာတစ်ခုဖြစ်နေပေမယ့် ကျွန်တော်ကအသင်းအတွက် အရာအားလုံးကိုပေးဆပ်ထားပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကာမာဗင်ဂါက ဘယ်နောက်ခံနေရာမှာ အမြဲတမ်းကစားသွားမှာမဟုတ်တဲ့အကြောင်းကို “ကျွန်တော်အရင်က အဲဒီနေရာမှာ မကစားဖူးပေမယ့် နိုင်ငံအသင်းနဲ့ပဲဖြစ်ဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ပဲဖြစ်ဖြစ် အဆင်ပြေသလိုခံစားရပါတယ်။ ဒါပေမယ့် ကျွန်တော်အဲဒီနေရာမှာ အမြဲတမ်းနေဖို့တော့ သဘောမကျပါဘူး” လို့ပြောကြားခဲ့ပါတယ်။

ကစားပုံနဲ့ ပတ်သက်ပြီး ပိုမိုကောင်းမွန်လာဖို့ တစ်ခုခုလိုအပ်နေသေးလားလို့မေးမြန်းတဲ့အခါ ကွင်းလယ်လူက “ကျွန်တော် ကွင်းထဲမှာ အာရုံစူးစိုက်မှုပိုကောင်းလာဖို့ လိုသေးသလို ဒီထက်လည်း ပိုပြီးပြတ်ပြတ်သားသားလုပ်ရမှာတွေရှိပါသေးတယ်” လို့ပြောကြားခဲ့ပါတယ်။

ယခုရာသီမှာ ကာမာဗင်ဂါဟာ ရီးရဲလ်မက်ဒရစ်အတွက် ပြိုင်ပွဲစုံစုစုပေါင်း ၁၁ ပွဲအထိ ပါဝင်ကစားထားပြီး အဆိုပါပွဲစဉ်တွေထဲမှ ၂ ပွဲဟာ ညာနောက်ခံကစားသမားအဖြစ် ပါဝင်ထားတာဖြစ်ပါတယ်။ လက်ရှိမှာ ရီးရဲလ်မက်ဒရစ်ဟာ ဘယ်နောက်ခံနေရာအတွက် အယ်လ်ဖွန်ဆိုဒေဗီးစ်ကို ခေါ်ယူနိုင်ရန် စောင့်ကြည့်နေတာကြောင့် ပြင်သစ်သားရဲ့မပြေလည်မှုတွေဟာ မကြာခင်မှာအဆုံးသတ်တော့မယ်လို့ယူဆရပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #ကာမာဗင်ဂါ