ရှေ့သို့
Image

ဆော်ဒီကလပ်ရဲ့ကမ်းလှမ်းမှုကိုပယ်ချပြီး ဘာမင်ဂမ်ကို ရွေးချယ်ခဲ့တဲ့ ရွန်းနီ

4:28 PM, 16 October

ဘာမင်ဂမ်စီးတီးရဲ့နည်းပြသစ် ဝိန်းရွန်းနီက ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရရှိလိုတာကြောင့် ဆော်ဒီကလပ်ကို ငြင်းပယ်ခဲ့ရတယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

အဲဗာတန်နဲ့ မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ရွန်းနီဟာ ဒီစီယူနိုက်တက်နဲ့စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ၂ နှစ်အကြာမှာတော့ နောက်ထပ်မန်နေဂျာရာထူးအသစ်ကိုရှာဖွေနေခဲ့တာဖြစ်ပါတယ်။ ဒါဘီကောင်တီအသင်းကို ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်အကြား ကိုင်တွယ်ခဲ့တဲ့ အသက်-၃၇ နှစ်အရွယ်အင်္ဂလန်ကစားသမားဟောင်းဟာ  ပြီးခဲ့တဲ့ကြာသပတေးနေ့မှာတော့ ဘာမင်ဂမ်နည်းပြအဖြစ်ခန့်အပ်ခံခဲ့ရပြီး ဒုတိယအကြိမ်မြောက် အင်္ဂလိပ်ဘောလုံးလောကသို့ မန်နေဂျာဘဝနဲ့ပြန်လည် ဝင်ရောက်လာခဲ့ပါတယ်။

Reuters ရဲ့ဖော်ပြချက်အရ ဘာမင်ဂမ်အမှုဆောင်အရာရှိချုပ် ဂယ်ရီကွတ်ခ်ဟာ ဆော်ဒီပရိုလိဂ်မှာအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်စဉ်က ရွန်းနီကို ဆော်ဒီသို့ခေါ်ဆောင်ရန် ကြိုးစားခဲ့ဖူးတယ်လို့သိရှိရပါတယ်။ သို့သော်လည်း ပြီးခဲ့တဲ့ဇူလိုင်လမှာတော့ ကွတ်ခ်ဟာ ဘာမင်ဂမ်မှာတာဝန်ထမ်းဆောင်ရန် ဆော်ဒီပရိုလိဂ်မှနုတ်ထွက်လာခဲ့ပါတယ်။

ရွန်းနီဟာလည်း ဆော်ဒီပရိုလိဂ်ကိုငြင်းဆန်ပြီး ယခုအခါ ဘာမင်ဂမ်နဲ့ ၃ နှစ်ခွဲစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ ကြာသပတေးနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစားရှင်းလင်းပွဲမှာ ရွန်းနီက “ကျွန်တော့်ရဲ့တိုးတက်မှုလမ်းကြောင်းက သူများတွေနဲ့ ကွဲပြားခြားနားနေပါတယ်။ ဒါနဲ့ ကျွန်တော့်ရဲ့စကားက ဥရောပကနေထွက်ခွာသွားခဲ့တဲ့ နည်းပြတွေကို မထီမဲ့မြင်လုပ်တာမဟုတ်ပါဘူး”လို့ပြောကြားခဲ့ပါတယ်။

ရွန်းနီရဲ့အင်္ဂလန်လက်ရွေးစင်အသင်းဖော် စတီဗင်ဂျရတ်ဟာ လက်ရှိမှာဆော်ဒီကလပ် အယ်လ်အစ်တီဖတ်ကိုတာဝန်ယူနေပြီး နူနိုအက်စ်ပရီတိုဆန်တိုနဲ့ စလေဗန်ဘယ်လစ်တို့ကလည်း ဆော်ဒီပရိုလိဂ်မှာ နာမည်ကြီးနည်းပြတွေအဖြစ် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ ဆက်လက်ပြီး အင်္ဂလန်တိုက်စစ်မှူးဟောင်းက ဘာမင်ဂမ်နည်းပြအဖြစ် ၎င်းရဲ့ရည်မှန်းချက်ဟာ အင်္ဂလိပ်ဘောလုံးလောကရဲ့ ထိပ်တန်းအဆင့်သို့ တစ်ဆင့်ချင်းတက်သွားဖို့ဖြစ်တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။

ရွန်းနီက “ဒီနှစ်မှာ ပရီးမီးယားလိဂ်ကိုတန်းတက်နိုင်ဖို့ တွန်းအားပေးသွားမှာပါ။ နွေရာသီမှာကျွန်တော်တို့ခေါ်ယူထားခဲ့တဲ့ ကစားသမားတွေမှာလည်း ဒီလိုမျိုးရည်မှန်းချက်တွေရှိပါတယ်။ ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ်ကိုပြန်လည် ရောက်ရှိဖို့အကောင်းဆုံးကြိုးစားသွားမှာပါ” လို့ပြောကြားခဲ့ပါတယ်။

လက်ရှိမှာဘာမင်ဂမ်အသင်းဟာ ကောင်းမွန်တဲ့အခြေအနေရှိနေပြီး ချန်ပီယံရှစ်မှာလည်း အဆင့် ၆ နေရာမှာ ရပ်တည်ထားနိုင်တာကြောင့် ပရိသတ်တွေအနေနဲ့ လက်ရှိနည်းပြ ဂျွန်အက်စ်တေ့စ်ကိုထုတ်ပယ်ပြီး ရွန်းနီကိုဘာကြောင့် နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာလဲဆိုတာ မေးခွန်းထုတ်နေကြပါတယ်။ ဒါ့အပြင် ရွန်းနီဟာ ဘာမင်ဂမ်အသင်းကို တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်ထားတဲ့ NFL ဂန္ထဝင် တွမ်ဘရက်ဒီနဲ့ အဆင်မပြေဖြစ်ခဲ့ဖူးပေမယ့်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ ရွန်းနီဟာ ၎င်းရဲ့အသင်းဖော်ဟောင်းတွေဖြစ်တဲ့ အက်ရှ်လေကိုးလ်နဲ့ ဂျွန်အိုရှေးတို့ကို နည်းပြအဖွဲ့ဝင်တွေအဖြစ် ပူးပေါင်းသွားရမှာဖြစ်ပါတယ်။ ၎င်းတို့ ၃ ဦးပေါင်းစပ်မှုရဲ့ပထမဆုံးစိန်ခေါ်မှုအဖြစ် လာမယ့် အောက်တိုဘာ ၂၁ ရက်၊ စနေနေ့မှာ ဘာမင်ဂမ်ဟာ မစ်ဒယ်ဘရော့နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

#ရွန်းနီ #ဘာမင်ဂမ်