ရှေ့သို့
Image

မက်ဆီ၊ ဘက်စ်ကွက်၊ အယ်လ်ဘာတို့နဲ့ ဆွေးနွေးအပြီးမှာ အမေရိကန်မြေကို သွားရောက်ကစားရန် စိတ်အားထက်သန်နေတဲ့ ရော်ဘတ်တို

4:26 PM, 16 October

နည်းပြ ဇာဗီရဲ့ ဒုတိယမြောက် ဘောလုံးရာသီအတွင်းမှာပဲ လာလီဂါ ချန်ပီယံဆုဖလား ကိုင်မြောက်နိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းက ယခုနှစ်ဘောလုံးရာသီမှာ ချန်ပီယံဆု ကာကွယ်နိုင်ရေးအတွက် အရည်အသွေးမြင့် ကစားသမားခေါ်ယူမှုတွေ ဆက်တိုက် ပြုလုပ်ခဲ့တာကြောင့် ဘတ်ဂျက်လိုအပ်ချက် မြင့်မားလာပြီး ရော်ဘတ်တိုအပါအဝင် လုပ်ခနှုန်းထားမြင့်ကစားသမားအချို့ရဲ့ အနာဂတ်က လှုပ်ခက်လာတာပဲ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့အသင်းခေါင်းဆောက် လက်ပတ်ကို ပေးအပ်ထားချိန်မှာ ဒဏ်ရာနဲ့ လုံးပမ်းနေရတဲ့ အသက် ၃၁နှစ်အရွယ် ဆာဂျီယိုရော်ဘတ်တိုအနေဖြင့် ကတ္တလန်အခြေစိုက်ကလပ်ရဲ့ ဘဏ္ဍာရေးအကြပ်အတည်းကြောင့် အနာဂတ် လှုပ်ခက်လာချိန်မှာ မေဂျာလိဂ်ဘက်ကို စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။ ရော်ဘတ်တိုအနေဖြင့် ပြီးခဲ့တဲ့ခုနှစ်များအတွင်း ဘာစီလိုနာအသင်းရဲ့ အဓိက ညာနောက်တန်းအစွန် ကစားသမားတစ်ဦးအဖြစ် ပွဲထွက်ကစားခွင့်ရခဲ့ပေမဲ့ ယခုနှစ် ဘာစီလိုနာအသင်း ယှဉ်ပြိုင်ကစားထားတဲ့ ပွဲစဉ် ၁၁ ပွဲမှာ ပွဲကစားချိန် ၂၂၄ မိနစ်အထိသာ ကစားခွင့်ရထားတာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းတွင် လာမယ့် ရာသီကုန်တွင် စာချုပ်သက်တမ်းပြည့်မှာဖြစ်တဲ့ ရော်ဘတ်တိုအနေဖြင့် မေဂျာလိဂ်ဘက်ကို ပြောင်းရွှေ့ကစားရန် စိတ်အားထက်သန်နေပြီး ဘာစီလိုနာအသင်းဖော် ကစားသမားတွေဖြစ်ခဲ့ကြတဲ့ မက်ဆီ၊ ဘက်စ်ကွက်၊ အယ်လ်ဘာတို့နဲ့ ဆွေးနွေးမှုပြုလုပ်ခဲ့ရာမှာ အင်တာမီယာမီစတား ၃ ဦးက အပြုသဘောဆောင်တဲ့ တိုက်တွန်းမှုအချို့ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ရော်ဘတ်တိုက လက်တွဲဖော် မော်ဒယ် ကိုရယ်လ်ဆီမာနိုဗစ်နဲ့အတူ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ကို မကြာခဏသွားရောက်လည်ပတ်လေ့ရှိသူဖြစ်တာကြောင့် နယူးယောက်အခြေစိုက်ကလပ်တွေဖြစ်တဲ့ နယူးယောက်စီးတီး၊ နယူးယောက်ရက်ဘူးလ်အသင်းတို့နဲ့ ချိတ်ဆက်မှု ပြုလုပ်လာနိုင်တာ ဖြစ်ပါတယ်။

ဘာစီလိုနာ စီနီယာအသင်းကြီးတွင် ၁၁ နှစ်ဆက် ပါဝင်ကစားပေးခွင့်ရထားတဲ့ ရော်ဘတ်တိုအနေဖြင့် ပွဲကစားခွင့်ရနိုင်ပါက ကာလတိုစာချုပ်တစ်ခု ထပ်မံချုပ်ဆိုနိုင်ပေမဲ့ ပွဲထွက်ခွင့်အတွက် အာမခံချက်မရှိလျှင် မေဂျာလိဂ်ကလပ်အသင်းတစ်သင်းကို ပြောင်းရွှေ့ကစားနိုင်ခြေများနေတာပဲ ဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #မက်ဆီ #ရော်ဘတ်တို #ဂျော်ဒီ အယ်လ်ဘာ