ရှေ့သို့
Image

နော်ဝေးတိုက်စစ်မှူးဟာလန်းကို ထိန်းချုပ်ကစားခဲ့ပုံကို ထုတ်ဖော်ပြောဆိုလိုက်တဲ့ ကာဗာဂျယ်လ်

10:31 AM, 16 October

ဥရောပကလပ်အသင်းကြီးတွေရဲ့ ထိပ်တန်းကစားသမားတွေကို နိုင်ငံလက်ရွေးစင်အသင်း ဂျာစီတွေနဲ့အတူ အပြိုင်အဆိုင်မြင်တွေ့ခွင့်ရမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲအကြို ခြေစစ်ပွဲစဉ် တစ်ပွဲဖြစ်တဲ့ နော်ဝေလက်ရွေးစင်အသင်းနဲ့ စပိန်လက်ရွေးစင်အသင်းတို့ရဲ့ ပွဲစဉ်တွင် စပိန်အသင်းက ၀ဂိုး - ၁ဂိုး ရလဒ်ဖြင့် အနိုင်ကစားခဲ့တာဖြစ်ပြီး နော်ဝေတိုက်စစ်မှူးဟာလန်းကို ထိန်းချုပ်ရပုံနဲ့ ပတ်သက်လို့ ကာဗာဂျယ်လ်က ရှင်းပြလာတာပဲ ဖြစ်ပါတယ်။
 
နော်ဝေအသင်းက ယူရို ၂၀၂၄ ပြိုင်ပွဲကို ဝင်ရောက်ကစားခွင့်ရရေးအတွက် အကောင်းဆုံး ပြင်ဆင်ကာ ပွဲထွက်လာခဲ့ပေမဲ့ အဓိက တိုက်စစ်မှူးဟာလန်းကို ပြိုင်ဘက်နောက်တန်းကစားသမားတွေရဲ့ တည်တည်ငြိမ်ငြိမ်ထိန်းချုပ်ကစားပုံ ကောင်းမွန်နေတာကြောင့် သွင်းဂိုးရရန် ခက်ခဲနေခဲ့တာ ဖြစ်ပါတယ်။

ပွဲစဉ်ရဲ့ ရလဒ်အပေါ် အပြောင်းအလဲဖြစ်စေမယ့် သွင်းဂိုးကို စပိန်အသင်းရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဂါဗီက သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပြီး အဆိုပါသွင်းဂိုးနဲ့အတူ စပိန်အသင်းက အနိုင်ရခဲ့သလို အုပ်စုတွင်း ပြိုင်ဘက် စကော့တလန်အသင်းနဲ့ အတူ ယူရို ၂၀၂၄ ပြိုင်ပွဲအတွင်း ဝင်ရောက်ကစားခွင့်အတွက် အခွင့်အရေးကို ဆုပ်ကိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

နော်ဝေတိုက်စစ်မှာ ဂိုးသွင်းခြေရှိတဲ့ ဟာလန်းကို ထိန်းချုပ်ကစားပြသွားခဲ့တဲ့ ကာဗာဂျယ်အနေဖြင့် ဒဏ်ရာမှာ သက်သာလာအပြီးမှာ ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပြီး လာမယ့် ပွဲစဉ်များအဖြစ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ဆီဗီလာ၊ ဘရာဂါ၊ ဘာစီလိုနာအသင်းတို့ကို ပွဲကြပ်အဖြစ် ယှဉ်ပြိုင်ကစားသွားရမှာလည်း ဖြစ်ပါတယ်။

ဥရောပမှာ ဂိုးသွင်းကြမ်းနေတဲ့ ဟာလန်းကို အကောင်းဆုံး ထိန်းချုပ် ကစားနိုင်ခဲ့တာနဲ့ ပတ်သက်လို့ စပိန်နောက်တန်း ကစားသမား ကာဗာဂျယ်လ်က “ကျွန်တော်တို့က ဒီကွင်းကို အနိုင်ရလဒ်အတွက် လာခဲ့တဲ့အတိုင်း တကယ်လည်း အနိုင်ရယူနိုင်ခဲ့ပါတယ်။ သူတို့အသင်းဘက်က ကျွန်တော်တို့အသင်းကို အခွင့်အရေးသိပ်ပေးတာမျိုးမဟုတ်ပေမဲ့ အနိုင်ရလဒ်ဖော်ဆောင်နိုင်ခဲ့တာကြောင့် ယူရို ပြိုင်ပွဲဝင်ရောက်ကစားခွင့်လက်မှတ်နဲ့အတူ အိမ်ပြန်ခွင့်ရခဲ့ပါပြီ” “ပြိုင်ဘက်တိုက်စစ်ပိုင်းက ဂိုးမသွင်းနိုင်ရေးအတွက် ဟာလန်းအပါအဝင် တိုက်စစ်ကစားသမားတွေကို နည်းပြရဲ့ အစီအစဉ်အတိုင်း အသေအချာလူကပ်ကစားခဲ့ကြတာပါ”လို့ ရှင်းပြ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#နော်ဝေ #ဟာလန်း #ကာဗာဂျယ် ယူရို၂၀၂၄ခြေစစ်ပွဲ