ရှေ့သို့
Image

ယူနိုက်တက် ဂိုးသမားဟောင်း ဂျက်ဘတ်လန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ရွန်းနီ

9:56 AM, 16 October

ဘာမင်ဂမ်စီးတီးနည်းပြသစ် ဝိန်းရွန်းနီက ဂျက်ဘတ်လန်းကို ခေါ်ယူဖို့စိတ်ဝင်စားနေပေမယ့် လာမယ့်နွေရာသီကာလအထိ စောင့်ဆိုင်းရဖွယ် ရှိနေပါတယ်။

ဘာမင်ဂမ်က ရာသီအစကာလမှာပဲ အထင်ကြီးလောက်စရာခြေစွမ်းပိုင်းနဲ့အတူ ချန်ပီယံရှစ်အမှတ်ပေးဇယားအဆင့်- ၆ နေရာမှာ ရပ်တည်နေပေမယ့် အသင်းတာဝန်ရှိသူတွေက နည်းပြ ဂျွန်အူစတက်စ်နေရာမှာ ယူနိုက်တက် ကစားသမားဟောင်း ဝိန်းရွန်းနီနဲ့ အစားထိုးပြောင်းလဲခန့်အပ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်လက်ရွေးစင် ဂန္ထဝင်ကစားသမားဟောင်း ရွန်းနီက လာမယ့်စနေနေ့၊ မစ်ဒယ်ဘရော့နဲ့ပွဲစဉ်ကို ဘာမင်ဂမ်နည်းပြဘဝပထမဆုံးပွဲစဉ်အဖြစ် စတင်ကိုင်တွယ်သွားဖို့ရှိပြီး အက်ရှ်လေကိုးလ်နဲ့ ဂျွန်အိုရှေးတို့လို နည်းပြအဖွဲ့ဝင်ဝန်ထမ်းတွေရဲ့ အထင်ကြီးလေးစားမှုကို ရရှိနိုင်ရေး ကြိုးစားသွားရပါလိမ့်တယ်။

ရွန်းနီက အင်္ဂလန်လက်ရွေးစင်အသင်းအတွက် အက်ရှ်လေကိုးလ်နဲ့ အတူ ပါဝင်ကစားခဲ့ဖူးသလို မန်ချက်စတာယူနိုက်တက်မှာတော့ အိုရှေးနဲ့ အသင်းဖော်တွေ ဖြစ်ခဲ့ဖူးပါတယ်။ လတ်တလောမှာတော့  ရွန်းနီဟာ ယခုနှစ်အစောပိုင်းက အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာသွားခဲ့တဲ့ ဂိုးသမား ဘတ်လန်းကို ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ခရစ္စတယ်ပဲလေ့စ်မှ ယူနိုက်တက်ဆီ အငှားထွက်ခွာလာခဲ့ဖူးတဲ့ အသက်-၃၀ နှစ်အရွယ် ဂိုးသမားက လက်ရှိမှာတော့ စကော့တလန်ကလပ် ရိန်းဂျားစ်နဲ့လေးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ် ချုပ်ဆိုထားပါတယ်။  The Sun ရဲ့ဖော်ပြချက်အရ ရွန်းနီက ရိန်းဂျားစ်နဲ့ ချုပ်ဆိုထားတဲ့ ဘတ်လန်းရဲ့စာချုပ်ကို ခပ်မြန်မြန်အဆုံးသတ်ပြီး ဂိုးသမားကို ချန်ပီယံရှစ်ပြိုင်ပွဲဆီ ပြန်လည်ခေါ်ယူနိုင်ဖို့ ဆွဲဆောင်လိုနေတယ်လို့သိရှိရပါတယ်။

ဘတ်လန်းက ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဘာမင်ဂမ်မှာ စတင်ခဲ့ပြီး ၂၀၁၃ ခုနှစ် စတုတ်စီးတီးသို့ မပြောင်းခင် ဘာမင်ဂမ်အတွက် စုစုပေါင်း ၄၆ ပွဲအထိ ကစားပေးခဲ့ဖူးပါတယ်။ လက်ရှိဘာမင်ဂမ်အသင်းမှာ အတွေ့အကြုံရင့် ဂိုးသမားတွေဖြစ်တဲ့ ဂျွန်ရူဒီနဲ့ နီးလ်အီသရစ်ချ်တို့ရှိနေသော်လည်း နည်းပြသစ်ရွန်းနီက နောက်ထပ်ဂိုးသမားတစ်ဦး ထပ်မံပေါင်းထည့်လိုနေတာပါ။

နောဝှစ်ချ်ကစားသမားဟောင်း ရူဒီက ယခုရာသီမှာ ဘာမင်ဂမ်အတွက် ချန်ပီယံရှစ်ပွဲစဉ် ၁၁ ပွဲစလုံး ကစားထားသော်လည်း အသက်-၃၆ နှစ် အရွယ်ရှိပြီဖြစ်တာကြောင့် မကြာမီမှာပဲ ကစားသမားဘဝ အဆုံးသတ်ဖို့ နီးစပ်နေပါတယ်။ ရိန်းဂျားစ်ရဲ့ ပထမဦးစားပေးဂိုးသမားဖြစ်တဲ့ ဘတ်လန်းက အသင်းနဲ့အတူ အခုဘောလုံးရာသီ စကော့တလန်ပရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲစလုံးကစားထားခဲ့ပါတယ်။

လက်ရှိမှာ ရိန်းဂျားစ်က ဆဲလ်တစ်၊ အဘာဒင်းတို့ကို ရှုံးနိမ့်ထားပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာရှိ ဆဲလ်တစ်နဲ့ ခုနစ်မှတ်အထိ ကွာဟနေပေမယ့် ဘတ်လန်းကတော့ အသင်းရဲ့ပွဲထွက်ဂိုးသမားအဖြစ် သတ်မှတ်ခံထားရဆဲ ဖြစ်ပါတယ်။

#အပြောင်းအရွှေ့ #ရွန်းနီ #ဘာမင်ဂမ် #ဘတ်လန်း