ရှေ့သို့
Image

စပိန်ရဲ့နှစ်ပွဲဆက် အနိုင်နဲ့ အတူ ယူရိုခြေစစ်ပွဲကို အောင်အောင်မြင်မြင်ကျော်ဖြတ်လာခဲ့တဲ့ စကော့တလန်

9:32 AM, 16 October

ဒီနေ့မနက်ပိုင်း၊ အော်စလိုမြို့မှာ စပိန်က နော်ဝေကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် အုပ်စုတွင်းပြိုင်ဘက် စကော့တလန်အသင်းဟာ ယူရို-၂၀၂၄ ခြေစစ်ပွဲအဆင့်ကို လွတ်လွတ်ကျွတ်ကျွတ် ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ အခုပွဲစဉ် ရလဒ်ပိုင်းကြောင့် ကလက်ခ်ရဲ့အသင်းဟာ လက်ကျန်ပွဲစဉ်နှစ်ပွဲ ကစားဖို့ ကျန်သေးချိန်မှာပဲ ယူရို-၂၀၂၄ ခြေစစ်ပွဲအုပ်စု(A)ရဲ့ ထိပ်ဆုံးနှစ်သင်းစာရင်းမှာ သေချာပေါက်ပါဝင်ခွင့်ရရှိခဲ့ပါတယ်။

နော်ဝေသာ စပိန်ကို အနိုင်ရရှိခဲ့မယ်ဆိုရင် စကော့တလန်အနေဖြင့် လာမယ့်လအတွင်း ဂျော်ဂျီယာ၊ နော်ဝေတို့နဲ့ ရင်ဆိုင်ရမယ့် လက်ကျန်ပွဲစဉ်နှစ်ခုမှာ အနည်းဆုံး သရေတစ်မှတ်ကို ရှာဖွေဖို့ လိုအပ်ခဲ့မှာပါ။ ဒါပေမယ့် စပိန်ကွင်းလယ်လူဂါဗီရဲ့ ပွဲချိန်ဒုတိယပိုင်း သွင်းဂိုးက နောက်နှစ်နွေရာသီ၊ ဂျာမနီနိုင်ငံမှာ ကျင်းပမယ့် ဂန္တဝင်ပြိုင်ပွဲဆီ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိဖို့ သင်္ချာနည်းအရ သေချာလာစေခဲ့ပါတယ်။

စကော့တလန်အသင်းက သမိုင်းတလျှောက် ယူရိုပြိုင်ပွဲကို လေးကြိမ်သာ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး အခုအောင်မြင်မှုက နှစ်ကြိမ်ဆက်ယူရိုခြေစစ်ပွဲအောင်မြင်မှု ဖြစ်လာခဲ့ပါတယ်။

စကော့တလန်ဘောလုံးအဖွဲ့ချုပ်(SFA)ဝက်ဘ်ဆိုဒ်နဲ့ တွေ့ဆုံချိန် နည်းပြကလက်ခ်က “နှစ်ကြိမ်ဆက်ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမယ့် ယူရိုပြိုင်ပွဲကြီးဆီ ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ခဲ့တဲ့ ကစားသမားတွေကို ချီးကျူးဂုဏ်ပြုချင်ပါတယ်။ သူတို့ရရှိခဲ့တဲ့ အောင်မြင်မှုရဲ့ အရေးပါမှုကို သူတို့ကိုယ်တိုင် အပြည့်အဝနားလည်နိုင်မလားဆိုတာ ကျွန်တော်လည်း သေချာမသိသေးပေမယ့် နှစ်ပေါင်း ၂၀ ကျော်ကြာပြီးနောက် ယူရိုပြိုင်ပွဲကြီးဆီ နှစ်ကြိမ်ဆက်ပါဝင်ဆင်နွှဲခွင့်ရရှိတာ အံ့မခန်းစရာဖြစ်သလို ကစားသမားတွေကိုယ်တိုင် လုပ်ဆောင်ခဲ့တဲ့ ကြိုးစားမှုရဲ့ သက်သေလည်းဖြစ်ပါတယ်”လို့ ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့သီတင်းပတ်မှာ စကော့တလန်ကို နှစ်ဂိုးပြတ် အနိုင်ကစားခဲ့တဲ့ စပိန်အသင်းကလည်း စကော့တလန်ထက် ဂိုးကွာခြားမှုအသာဖြင့် အုပ်စုဗိုလ်နေရာကို သိမ်းပိုက်ကာ ခြေစစ်ပွဲ အောင်မြင်လာခဲ့ပါတယ်။ စပိန်က ဆိုက်ပရပ်စ်၊ ဂျော်ဂျီယာတို့နဲ့ ကစားဖို့ ကျန်ရှိနေပါသေးတယ်။

#စပိန် #စကော့တလန် ယူရို၂၀၂၄ခြေစစ်ပွဲ