ရှေ့သို့
Image

တရားမ၀င် လောင်းကစားဝိုင်း စီစဉ်မှုဖြင့် စွဲချက်တင်ခံထားရတဲ့ အက်စတွန်ဗီလာနှင့် အီတလီကြယ်ပွင့် ဇာနီအိုလို

9:41 AM, 15 October

ဇာနီအိုလိုဟာ တရားမ၀င် လောင်းကစားဝိုင်းများ စီစဉ်မှုအပြင် ငွေကြေးများစွာ အလောင်းစားပြုလုပ်မှုဖြင့် စွဲချက်တင်ခံနေရကြောင်း သိရပါတယ်။ အက်စတွန်ဗီလာကွင်းလယ်ကစားသမားဟာ ဆန်ဒရိုတိုနယ်လီ၊ နီကိုလိုဖာဂျီရိုလိုတို့နှင့်အတူ လောင်းကစားစည်းမျဉ်းများကို ဖောက်ဖျက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းခဲ့တာဖြစ်ပါတယ်။


La Repubblica ရဲ့ ဖော်ပြချက်အရ ဇာနီအိုလိုနဲ့ တိုနယ်လီတို့ဟာ အလောင်းအစားများကို blackjack နှင့် poker တွင်သာ ပြုလုပ်ခဲ့ကြပြီး ဘောလုံးလောင်းကစားမှုတွင် မပါဝင်ကြကြောင်း အခိုင်အမာပြောကြားထားပါတယ်။ ဖာဂျီရိုလိုကတော့ ယူရိုငွေ ၁ သန်းကျော် လောင်းကစားပြုလုပ်ခဲ့ရာ သူ့ကို ဒဏ်ငွေ ယူရို ၂၅၀၀၀ (ပေါင် ၂၁၆၈၀၊ ဒေါ်လာ ၂၆၂၈၀) နှင့်အတူ ၃ နှစ် ပိတ်ပင်ခံရနိုင်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိပါတယ်။


သို့သော်လည်း ANSA ရဲ့ဖော်ပြချက်အရ ဇန်နီအိုလိုရဲ့ ပြစ်မှုတွေက အခြား၂ ခုထက် ပိုမိုပြင်းထန်နေပါတယ်လို့ ဖော်ပြထားပြီး ဥပဒေ ၄၀၁/၉၈ ပုဒ်မ ၄ ကို ချိုးဖောက်တယ်လို့ စွပ်စွဲခံထားရပါတယ်။ ဆိုလိုသည်မှာ တရားမဝင် လောင်းကစားများအတွက် စည်းရုံးခြင်းနှင့် ဖြန့်ဝေခြင်းတွင် တက်ကြွတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က သံသယရှိနေတာပါ။


ပရော်ဖက်ရှင်နယ်ဘောလုံးသမားတွေဟာ မည်သည့်အားကစားပွဲများတွင်မဆို လောင်းကစားခြင်းပြုလုပ်ခြင်းကနေ တားမြစ်ခြင်းခံထားရကြောင်း သတိပြုရမှာဖြစ်ပါတယ်။ ဒါ့အပြင် Dillinger News ရဲ့ဖော်ပြချက်အရ ဇာနီအိုလိုဟာ အရန်ခုံမှာရှိစဉ် ရိုးမားရဲ့ ကိုပါအီတာလီယာ ပွဲစဉ်ကို လောင်းကြေးများထည့်သွင်းခဲ့တယ်လို့ စွပ်စွဲခြင်းခံထားရပါတယ်။


သို့သော်လည်း အဆိုပါပွဲအတွင်း ဇာနီအိုလိုဟာ ဒဏ်ရာရခဲ့ပြီး ပွဲထွက်လူစာရင်းတွင် မပါဝင်ခဲ့ကြောင်း သိရပါတယ်။ ဇာနီအိုလိုနှင့် တိုနယ်လီတို့ဟာ ဆက်လက်စုံစမ်းစစ်ဆေးမှုများပြုလုပ်နေစဉ်မှာ အီတလီလက်ရွေးစင်အသင်းမှ နှုတ်ထွက်ခဲ့ပြီး စနေနေ့နှင့် ဗုဒ္ဓဟူးနေ့တို့တွင်ကစားမယ့် မော်လ်တာနှင့် အင်္ဂလန်တို့နဲ့ပွဲစဉ်များမှာ အီတလီအတွက် ပါဝင်မှမဟုတ်ကြောင်း သိရပါတယ်။

#အီတလီ #ဇာနီအိုလို #အက်စတွန်ဗီလာ #ပရီးမီးယားလိဂ်