ရှေ့သို့
Image

ဂရီးလစ်ရှ်ရဲ့ဂိုးကို လုသွင်းမိခဲ့တယ်လို့ ဝန်ခံပြောကြားလာခဲ့တဲ့ ဝက်ကင်းစ်

5:25 PM, 14 October

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး အိုလီဝက်ကင်းစ်က ဩစတြေးလျကို သွင်းယူခဲ့တဲ့ ၎င်းရဲ့ဂိုးဟာ အသင်းဖော် ဂျက်ဂရီးလစ်ကန်လိုက်ကတည်းက ဂိုးနှင့်နေပြီးဖြစ်တာကြောင့် လုသွင်းမိသလိုဖြစ်ခဲ့တယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ယနေ့နံနက်အစောပိုင်းက ဩစတြေးလျအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲစဉ်ကို အိမ်ကွင်းဝင်ဘာလေမှာလက်ခံကျင်းပခဲ့ပြီး ၁-၀ ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ ခြေစမ်းပွဲစဉ်ဖြစ်တာနဲ့အညီ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ အဓိကကစားသမားတွေကို အနားပေးပြီး လူငယ်တွေကို ပွဲထုတ်လာကာ အသင်းရဲ့တိုက်စစ်မှာလည်း အသင်းခေါင်းဆောင်ဟယ်ရီကိန်းအစား ဝက်ကင်းစ်ကို နေရာပေးထားခဲ့တာဖြစ်ပါတယ်။

အက်စတွန်ဗီလာတိုက်စစ်မှူးဝက်ကင်းစ်ဟာ ပထမပိုင်းက ဂျိမ်းစ်မက်ဒီဆင်ရဲ့ ဖန်တီးပေးပို့မှုမှတစ်ဆင့် အပိုင်အခွင့်အရေးရရှိခဲ့သော်လည်း အသုံးချနိုင်ခဲ့ခြင်းမရရှိပါဘူး။ သို့သော် ဒုတိယပိုင်းမှာတော့ ၎င်းရဲ့နိုင်ငံအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့ပြီး ဂရီးလစ်ရှ်ရဲ့ကန်ချက်ကိုပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ၎င်းကအင်္ဂလန်အသင်းအတွက် ပွဲထွက်ခွင့်ရရှိခဲ့လို့ ဂုဏ်ယူကြောင်းကို “ဒီအင်္ကျီကိုဝတ်ရတာ ဂုဏ်ယူစရာပါ။ ဒီလိုနိုင်ငံအသင်းအတွက်ကစားပေးနိုင်မယ့် အခွင့်အရေးကိုစောင့်မျှော်နေရတာ ကြာပါပြီ။ အသင်းမှာ ဆက်လက်ပါဝင်နိုင်ဖို့ကြိုးစားပြီး အခွင့်အရေးတွေကို အပြည့်အဝအသုံးချသွားမှာပါ။ ဂျက်ရဲ့ကန်ချက်က ဒီအတိုင်းဂိုးဝင်သွားနိုင်ပါတယ်။ ကျွန်တော်က ဒီအတိုင်းဝင်ပိတ်ဖို့တွေးမိလိုက်ပါတယ်။ ကျွန်တော်က အခွင့်အရေးကို ဆုံးရှုံးမှာစိုးလို့ သေချာအောင်လုပ်ခဲ့ပေမယ့် လုသွင်းသလိုဖြစ်သွားပါတယ်။ ကျွန်တော့်အနေနဲ့ ကွင်းထဲကနေ ဂိုးမသွင်းဘဲနဲ့ ဒီအတိုင်းထွက်မလာနိုင်ဘူးလို့ ဆုံးဖြတ်ထားပြီးသားပါ။ ကျွန်တော်က ထိပ်တန်းကစားသမားတွေနဲ့အတူကစားနေရတာပါ။ အခုလိုဂိုးသွင်းနိုင်ခဲ့လို ယုံကြည်မှုရှိလာပါပြီ။ ဒီပွဲက ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ထဲက အများစုက အရင်ကအတူတူတွဲမကစားဖူးကြပါဘူး။ ကျွန်တော်တို့ ဂိုးတစ်ဂိုးရရှိခဲ့ပေမယ့် အများကြီး အလုပ်ကြိုးစားဖို့လိုပါသေးတယ်” လို့ပြောကြားခဲ့ပါတယ်။

#အင်္ဂလန် #ဂရီးလစ်ရှ် #ဝက်ကင်းစ်