ရှေ့သို့
Image

ဘရာဇီးအသင်းမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိသွားတဲ့ ကတ်စမဲရိုး

5:22 PM, 14 October

ကတ်စမဲရိုးဟာ ဘရာဇီးအသင်းနဲ့ပူးပေါင်းပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကစားနေစဉ် ဗင်နီဇွဲလားနဲ့ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိသွားခဲ့ပါတယ်။

ယမန်နေ့က ဗင်နီဇွဲလားနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ ကတ်စမဲရိုးဟာ ဘရာဇီးအသင်းအတွက် ပွဲထွက်ကစားသမားအဖြစ်ပါဝင်လာခဲ့ပါတယ်။ သို့သော် အသက်-၃၁ နှစ်အရွယ်ကွင်းလယ်လူဟာ ပွဲပြီးဖို့ ၁၁ မိနစ်သာကျန်ရှိတော့တဲ့အချိန်မှာ လူစားလဲခံခဲ့ရပြီး ယခုအခါ ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။

နောက်ထပ်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် လာမယ့် အင်္ဂါနေ့မှာ ဘရာဇီးဟာ ဥရုဂွေးနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ကတ်စမဲရိုးအနေနဲ့ ပါဝင်နိုင်ခြင်းရှိမရှိကို စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ ဗင်နီဇွဲလားနဲ့ သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ ဘရာဇီးနည်းပြ ဖာနန်ဒို ဒီနိဇ်က “ကတ်စမဲရိုးက ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့လို့ လူစားလဲပေးဖို့တောင်းဆိုခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ယမန်နှစ်က ရီးရဲလ်မက်ဒရစ်မှ ယူနိုက်တက်သို့ ပေါင်သန်း ၇၀ နဲ့ပြောင်းရွှေ့လာခဲ့တဲ့ ကတ်စမဲရိုးဟာ ယခုရာသီမှာ ယူနိုက်တက်ရဲ့ ပရီးမီးယာလိဂ်ပွဲစဉ် ၈ ပွဲစလုံးကို ပွဲထွက်ကစားသမားအဖြစ်ပါဝင်ကစားထားတာဖြစ်ပါတယ်။ ယခုအခါ ယူနိုက်တက်ရဲ့ကစားသမားအများအပြားဟာ ဒဏ်ရာပြဿနာတွေနဲ့ကြုံတွေ့ထားကြပြီး ကလပ်ရဲ့ဘောလုံးဒါရိုက်တာ ဂျွန်မာတော့ဖ်က အဲရစ်တန်ဟက်ရဲ့အသင်းဟာ ကြံ့ခိုင်မှုပြဿနာများကြောင့် ရာသီအစမှာ ရုန်းကန်နေခဲ့ရတာဖြစ်တယ်လို့ပြောကြားလာခဲ့ပါတယ်။

၎င်းက “ရာသီအစကတည်းက အသင်းရဲ့စီနီယာကစားသမား ၁၆ ယောက်က ဒဏ်ရာပြဿနာတွေကြောင့် ပါဝင်နိုင်ခြင်းမရှိခဲ့ကြပါဘူး။ ဒါကြောင့် အသင်းရဲ့ရလဒ်တွေက ရှုပ်ထွေးနေပြီး ပုံမှန်ရလဒ်နဲ့ဝေးကွာနေတာပါ။ ကစားသမားတွေရဲ့ ၃ ပုံ ၂ ပုံလောက်က ဒဏ်ရာရနေတာကြောင့် တန်ဟက်ဟာ အခုချိန်အထိ သူ့စိတ်ကြိုက်အကောင်းဆုံး ကစားသမား ၁၁ ဦးနဲ့ ပွဲစတင်နိုင်ခြင်းမရရှိသေးပါဘူး။ ဒါပေမယ့် အခုချိန်မှာတော့ကံကောင်းစွာနဲ့ အသင်းရဲ့ကစားသမားအချို့ဒဏ်ရာကနေသက်သာလာပြီး အသစ်ခေါ်ယူထားခဲ့တဲ့ မေဆင်မောင့်နဲ့ဟွိုက်လန်းတို့လည်းပြန်ကစားနိုင်ကြပါပြီ။ အနာဂတ်မှာ ကြိုတင်ကာကွယ်မှုတွေပြုလုပ်နိုင်ဖို့ ဘာကြောင့် ဒီလောက်အထိဒဏ်ရာတွေရနေကြလဲဆိုတာ ကျွန်တော်တို့အဖြေရှာနေကြပါတယ်။ ကိုဘီနဲ့ အာမက်တို့ရဲ့ဒဏ်ရာတွေကတော့ မှန်းဆလို့မရပါဘူး။ အခြားကစားသမားတွေကတော့ ကြွက်သားဒဏ်ရာတွေများပြီး ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားရဲ့ အကျိုးဆက်တွေဖြစ်ပါလိမ့်မယ်”လို့ပြောကြားခဲ့ပါတယ်။

#ဘရာဇီး #ကမ္ဘာ့ဖလားခြေစစ်ပွဲ #ကက်စ်မဲရိုး