ရှေ့သို့
Image

အီတလီလက်ရွေးစင်အသင်း လေ့ကျင့်ရေးစခန်းမှ ထွက်ခွာသွားရတဲ့ ဇာနီအိုလိုနဲ့ တိုနာလီ

1:59 PM, 13 October

အီတလီအစိုးရရှေ့နေတွေရဲ့စုံစမ်းစစ်ဆေးမှုတစ်ခုမှာ ပါဝင်ပတ်သက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် နယူးကာဆယ် ကွင်းလယ်လူ တိုနာလီနဲ့ အက်စတွန်ဗီလာ တောင်ပံကစားသမား ဇာနီအိုလိုတို့ဟာ အီတလီလက်ရွေးစင်အသင်းရဲ့လေ့ကျင့်ရေးစခန်းမှ ထွက်ခွာသွားခဲ့ရပါတယ်။

အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)ကတော့ ဒီကစားသမားနှစ်ဦးဟာ လာမယ့်ယူရိုခြေစစ်ပွဲစဉ် နှစ်ခုကို အသင်းအတွက် ပါဝင်ကစားပေးဖို့ မှန်ကန်သင့်လျော်တဲ့ အခြေအနေမှာ ရှိမနေဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။  FIGC ရဲ့ ထုတ်ပြန်ချက်ထဲမှာ အခုစုံစမ်းစစ်ဆေးမှုတွေက ဘယ်လိုအရာတွေနဲ့ ပတ်သက်နေသလဲဆိုတာ မဖော်ပြခဲ့ပေမယ့် အီတာလျံသတင်းအေဂျင်စီ ANSAကတော့ ဒီကိစ္စတွေဟာ တရားမဝင်လောင်းကစားခြင်းနဲ့သက်ဆိုင်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ခုနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

ယမန်နေ့မှာပဲ အီတလီအသင်းရဲ့လေ့ကျင့်ရေးစခန်းဆီ တူရင်မြို့အခြေစိုက်အစိုးရရှေ့နေတွေ ရောက်ရှိလာခဲ့ပြီး အသက်-၂၃ နှစ်အရွယ် အေစီမီလန်ကွင်းလယ်လူဟောင်း တိုနာလီနဲ့ အသက်-၂၄ နှစ်အရွယ် ရိုးမားကွင်းလယ်လူဟောင်း ဇာနီအိုလိုတို့ကို စစ်ဆေးမေးမြန်းခဲ့ပါတယ်။

“အခုလိုစုံစမ်းစစ်ဆေးမှုအမိန့်ရဲ့သဘောသဘာဝကို ဂရုမပြုတာမျိုးက ကစားသမားနှစ်ဦးလုံးကို လာမယ့်ရက်ပိုင်းအတွင်း ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်တွေမှာ ပါဝင်ဖို့အတွက် မှန်ကန်သင့်လျော်မှုမရှိတဲ့ အခြေအနေမျိုးကို ပေးပါတယ်။ ဒါကြောင့် အဖွဲ့ချုပ်က ဒီကစားသမားနှစ်ဦးလုံးကို သူတို့ရဲ့သက်ဆိုင်ရာ ကလပ်အသင်းတွေဆီ ပြန်သွားဖို့ ခွင့်ပြုပေးခဲ့ပါတယ်”လို့ FIGC ရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

အီတလီက ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ်တွေ အဖြစ် လာမယ့်ရက်ပိုင်းအတွင်း မော်လ်တာကို အိမ်ကွင်းမှာ လက်ခံကစားပြီးနောက် အဝေးကွင်းမှာ အင်္ဂလန်နဲ့ ရင်ဆိုင်ကစားသွားရဖို့ ရှိပါတယ်။ လက်ရှိမှာ အင်္ဂလန်က ခြေစစ်ပွဲအုပ်စုဗိုလ်အဖြစ် တစ်ပွဲလျော့ကစားထားတဲ့ ဒုတိယနေရာရှိ အီတလီကို ခြောက်မှတ်ဖြတ်ထားပါတယ်။

#အီတလီ #ဇာနီအိုလို #တိုနာလီ