ရှေ့သို့
Image

အာဖရိကဖလားပြိုင်ပွဲမှာ ကင်မရွန်းအသင်းနဲ့ အုပ်စုတစ်ခုတည်းကျရောက်နေတဲ့ လက်ရှိချန်ပီယံ ဆီနီဂေါ

11:46 AM, 13 October

နောက်နှစ်မှာကျင်းပမယ့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ လက်ရှိချန်ပီယံ ဆီနီဂေါအသင်းဟာ ကင်မရွန်း အသင်းနဲ့ အုပ်စုတစ်ခုတည်းမှာ ကျရောက်နေပြီး စံချိန်တင်ချန်ပီယံအီဂျစ်အသင်းကလည်း ၎င်းတို့ရဲ့ ရန်သူဟောင်း ဂါနာအသင်းနဲ့ အုပ်စုတစ်ခုတည်းမှာကျရောက်နေတာဖြစ်ပါတယ်။ ဒီတစ်ခေါက်အာဖရိကဖလားပြိုင်ပွဲကိုတော့ အိုင်ဗရီကို့စ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။

အိမ်ရှင် အိုင်ဗရီကို့စ်ဟာ အသင်းကြီးတစ်သင်းဖြစ်တဲ့ နိုင်ဂျီးရီးယားနဲ့ အုပ်စုတစ်ခုတည်းမှာ‌ ကျရောက်နေသော်လည်း ပြီးခဲ့တဲ့ ကာတာကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်အဆင့်ထိတက်လှမ်းခဲ့တဲ့ မော်ရိုကိုကတော့ လွယ်ကူတဲ့အုပ်စုမှာကျရောက်နေတာကြောင့် ရှုံးထွက်အဆင့်ကိုတက်လှမ်းနိုင်ဖို့ သေချာသလောက်ရှိနေပါတယ်။ ဆီနီဂေါဟာ အုပ်စု C မှာ ကင်မရွန်း၊ ဂီနီ၊ ဂမ်ဘီယာတို့နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဂမ်ဘီယာအသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်အထိ အံ့အားသင့်ဖွယ်တက်လှမ်းထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဆီနီဂေါနဲ့ ကင်မရွန်းတို့ဟာ ဇန်နဝါရီ ၁၃ ရက်နေ့မှ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ ကျင်းပသွားမယ့် ယခုပြိုင်ပွဲအတွက် အကျိုးသက်ရောက်မှုရှိလာနိုင်တဲ့ ခြေစွမ်းပွဲတစ်ပွဲကို လာမယ့်တနင်္လာနေ့မှာ ကစားသွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်ကို ပြင်သစ်နိုင်ငံ လန်းစ်မြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။  အိမ်ရှင်အိုင်ဗရီကို့စ်ရဲ့ အုပ်စု A မှာတော့ နိုင်ဂျီးရီးယား၊ အီကွာတိုရီရယ်ဂီနီ၊ ဂီနီဘစ်‌ဆောတို့ပါဝင်ပြီး အိမ်ရှင်ပရိသတ်တွေအနေနဲ့ ၎င်းတို့ရဲ့အသင်းကို အုပ်စုပထမရရှိအောင် စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်နေကြပါတယ်။

အာဖရိကဖလားကို ၇ ကြိမ်အထိ စံချိန်တင်ရရှိထားတဲ့ အီဂျစ်အသင်းကတော့ အုပ်စု B အဖြစ် ဂါနာ၊ ကိပ်ဗာဒီကျွန်းစု၊ မိုဇမ်ဘစ်တို့နဲ့ ဖွဲ့စည်းထားပါတယ်။ အီဂျစ်အသင်းဟာ အာဖရိကဖလားကို နောက်ဆုံးအကြိမ်အဖြစ် ၂၀၁၀ ခုနှစ်မှာ ရရှိခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲမှာ ဂါနာကိုအနိုင်ယူခဲ့တာဖြစ်ပါတယ်။

၁၉၇၆ ခုနှစ်မှာ အာဖရိကဖလားကို တစ်ကြိမ်သာ ဆွတ်ခူးခဲ့ဖူးတဲ့ မော်ရိုကိုကတော့ အုပ်စု F မှာ ကွန်ဂို၊ တန်ဇန်းနီးယား၊ ဇမ်ဘီယာတို့နဲ့ ကျရောက်နေပါတယ်။ ယခုပြိုင်ပွဲကို Abidjan၊ Korhogo၊ San Pedroနဲ့ Yamoussoukro တို့မှာ အသစ်တည်ဆောက်ထားတဲ့ အားကစားကွင်းများအပါအဝင် နေရာ ၆ နေရာမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ကနဦးက ဇွန်လမှာ ကျင်းပဖို့စီစဉ်ထားသော်လည်း‌ ဒေသအတွင်း မိုးရာသီကာလမှာ ကြုံတွေ့ရနိုင်တဲ့ အခက်အခဲတွေကြောင့် ၆ လခန့်ရှေ့တိုးပြီး ကျင်းပဖို့ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

#အာဖရိကဖလား #ဆီနီဂေါ #ကင်မရွန်း