ရှေ့သို့
Image

ရှုံးကြွေးဆပ်နိုင်ခဲ့တဲ့ စပိန်၊ နိုင်ပွဲရခဲ့တဲ့ ဟာလန်းရဲ့နော်ဝေတို့နဲ့ ကြာသပတေးည ယူရိုခြေစစ်ပွဲရလဒ်များ

10:06 AM, 13 October

အခုသီတင်းပတ်အတွက် ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ်တွေကို ယမန်နေ့ညပိုင်းမှ စတင်ကာ ယှဉ်ပြိုင်ကစားခဲ့ရာ စပိန်၊ နော်ဝေနဲ့ တူရကီတို့ အဖိုးတန်နိုင်ပွဲအသီးသီး ရယူနိုင်ခဲ့ကြပါတယ်။

အုပ်စု(A)ဦးဆောင်သူ စကော့တလန်က ယူရိုခြေစစ်ပွဲ အောင်မြင်ဖို့ ရမှတ်တစ်မှတ်သာ လိုအပ်တော့ပေမယ့် စပိန်မြေမှာ ကစားခဲ့တဲ့ ခြေစစ်ပွဲစဉ်မှာတော့ အုပ်စုတွင်း ပထမဆုံးရှုံးပွဲကို ရင်ဆိုင်ခဲ့ရပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်း ပွဲချိန်တွေမှာ အိမ်ရှင်စပိန်အသင်းက ဘောလုံးပိုင်ဆိုင်မှု အသားစီးရယူကာ ပွဲကို ဦးဆောင်ကစားနိုင်ခဲ့ပေမယ့် မိုရာတာရဲ့သွင်းဂိုးကို လူကျွံဘောသတ်မှတ်ခဲ့ခြင်းနဲ့အတူ ဦးဆောင်ဂိုး ရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဒီနောက်မှာတော့ ပထမပိုင်း ပွဲချိန်မပြီးခင်မှာပဲ စကော့တလန်အသင်းအတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါကတော့ အသင်းခေါင်းဆောင် ရော်ဘတ်ဆန် ပုခုံးဒဏ်ရာရရှိသွားလို့ လူစားလဲလှယ်ခဲ့ရမှု ဖြစ်ပါတယ်။

ဒုတိယပိုင်းပွဲချိန်အတွင်း မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ တိုမီနေးက လှပတဲ့ ဖရီးကစ်ကန်ချက်နဲ့ စကော့တလန်အတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့် အသင်းဖော်ဟန်ဒရေးရဲ့ လူကျွံအနေအထားကြောင့် VAR ရဲ့ အတည်ပြုမှုနဲ့အတူ သွင်းဂိုးကို ပြန်ပယ်ဖျက်ခဲ့ပါတယ်။

ပွဲချိန်နှောင်းပိုင်းမှာတော့ အိမ်ရှင်တို့ သွင်းဂိုးတွေ ရှာဖွေလာနိုင်ခဲ့ပြီး မိုရာတာ၊ ဆန်ကတ်တို့က သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးချိန်မှာတော့ စပိန်က စကော့တလန်ကို ၂-၀ ဂိုးဖြင့် ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့ပြီး ယူရိုခြေစစ်ပွဲ အောင်မြင်ရေးမျှော်လင့်ချက် အားကောင်းလာခဲ့ပါတယ်။

အလားတူခြေစစ်ပွဲအောင်မြင်ရေး မျှော်လင့်ချက်အသက်ဆက်နိုင်ဖို့အတွက် ဆိုက်ပရပ်စ်မြေမှာ ဟာလန်းရဲ့ နော်ဝေအသင်းက ဂိုးပြတ်နိုင်ပွဲကို ဖော်ဆောင်သွားခဲ့ပါတယ်။ ဒီပွဲစဉ်အစပိုင်းမှာ ဟာလန်း ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် အသင်းဖော်ဆော်လော့က ကောင်းမွန်တဲ့ ကန်ချက်ဖြင့် နော်ဝေအတွက် ဦးဆောင်ဂိုး ရှာဖွေပေးခဲ့ပါတယ်။

ဒုတိယပိုင်းပွဲချိန်တွေမှာတော့ မန်စီးတီးကြယ်ပွင့်ဟာ ပွဲဆီ ပြန်လာနိုင်ခဲ့ပြီး သွင်းဂိုးနှစ်ဂိုး ရှာဖွေနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဟာလန်းက နော်ဝေအတွက် ၂၇ ပွဲကစား၊ ၂၇ ဂိုး သွင်းယူကာ နိုင်ငံအတွက် သွင်းဂိုးအများဆုံး ကစားသမားဖြစ်လာဖို့ အတော်လေးနီးစပ်လာခဲ့ပါတယ်။

ပွဲချိန်နှောင်းပိုင်းမှာ အားနက်စ်က နောက်ထပ်သွင်းဂိုး တစ်ဂိုး သွင်းယူခဲ့လို့ နော်ဝေးက ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် နော်ဝေးက စကော့တလန်၊ စပိန်တို့ရဲ့နောက်မှာ အုပ်စုတတိယအဖြစ် ရပ်တည်နေခဲ့ပါတယ်။

ကာတာကမ္ဘာ့ဖလားတတိယဆုရှင် ခရိုအေးရှားနဲ့ တူရကီတို့ ရင်ဆိုင်ကစားရတဲ့ပွဲစဉ်မှာတော့ တူရကီက ကျဉ်းမြောင်းတဲ့ အနိုင်ရလဒ်နဲ့အတူ အုပ်စုဗိုလ်နေရာကို သိမ်းပိုက်သွားခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ ပွဲချိန်နာရီဝက်ခန့်မှာ တူရကီရဲ့ကောင်းမွန်တဲ့ တန်ပြန်တိုက်စစ်ကစားပုံမှတဆင့် အာသာကိုဂလူရဲ့ ဖန်တီးပေးမှုကို ရီလ်မက်ဇ်က အပိုင်ပိတ်သွင်းယူကာ တစ်လုံးတည်းသောအနိုင်ဂိုးကို ရှာဖွေပေးခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာ ကိုဗာဆစ်၊ မိုဒရစ်၊ ဂျီဗာဒီအောတို့လို ကြယ်ပွင့်ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ ခရိုအေးရှားအသင်းဟာ ချေပဂိုးရှာဖွေဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ပွဲပြီးချိန်မှာတော့ ဧည့်သည်တူရကီက ၁-၀ ဂိုးဖြင့် အနိုင်ရရှိကာ အုပ်စုဗိုလ်နေရာကို သိမ်းပိုက်လိုက်ပြီး အနီးကပ်ဆုံးပြိုင်ဘက်လည်းဖြစ်တဲ့ ခရိုအေးရှားကို သုံးမှတ်ဖြတ်လိုက်ပါတယ်။

လက်ကျန်ပွဲစဉ်ရလဒ်များ
--------------------------
လတ်ဗီးယား ၂-၀ အာမေးနီးယား
အယ်လ်ဘေးနီးယား ၃-၀ ချက်
ဖာရိုးကျွန်းစု ဝ-၂ ပိုလန်
အန်ဒိုရာ ဝ-၃ ကိုဆိုဗို
ဘယ်လာရုစ် ဝ-၀ ရိုမေးနီးယား

#တူရကီ #နော်ဝေ #စပိန် ယူရို၂၀၂၄ခြေစစ်ပွဲ