ရှေ့သို့
Image

ကာမာဗင်ဂါ၊ ဗယ်ဗာဒီတို့ကို လုပ်လစာတိုးမြှင့်ကာ စာချုပ်သစ် ချုပ်ဆိုလိုက်တဲ့ ရီးရဲလ်မက်ဒရစ်

4:36 PM, 12 October

ကာမာဗင်ဂါ၊ ဗယ်ဗာဒီတို့က လုပ်ခလစာအဆမတန်တိုးမြှင့်ထားတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုတွေမှာ အသီးသီးလက်မှတ်ရေးထိုးလိုက်တယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။

စပိန်အခြေစိုက် COPE သတင်းဌာနရဲ့အဆိုအရ ပြင်သစ်ကွင်းလယ်ကစားသမားဟာ ဘာနေဗျူးမှာ ၂၀၂၈ ခုနှစ်အထိ ရှိနေဖို့ သဘောတူညီမှု တစ်ခု ရရှိခဲ့ပါတယ်။ ဒီသဘောတူညီမှုကြောင့် ကာမာဗင်ဂါရဲ့ လုပ်ခလစာပမာဏ သိသိသာသာ တိုးတက်လာဖို့ရှိပြီး စိတ်ဝင်စားသူတွေရဲ့ချဉ်းကပ်မှုကို ကာကွယ်နိုင်အောင် စာချုပ်ဖျက်သိမ်းကြေးအဖြစ် ယူရိုတစ်ဘီလျံသတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။

အသက်-၂၀ နှစ်အရွယ် ကွင်းလယ်လူက အခုဘောလုံးရာသီမှာ အသင်းအတွက် ၁၁ ပွဲအထိ ပါဝင်ကစားပေးပြီး အန်ဆယ်လော့တီရဲ့အသင်းမှာ အရေးပါဆုံး ကစားသမားတွေအနက် တစ်ဦးအဖြစ် သက်သေပြထားပါတယ်။ ကာဗာမင်ဂါရဲ့အသင်းဖော် ဗယ်ဗာဒီကလည်း ၂၀၂၇ ခုနှစ်မှာကုန်ဆုံးမယ့် လက်ရှိစာချုပ်သက်တမ်းကို နောက်တစ်နှစ်ထပ်တိုးကာ ၂၀၂၈ ခုနှစ်အထိ အသင်းနဲ့အတူ ဆက်ရှိနေဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။

ဥရုဂွေးလက်ရွေးစင်ကစားသမားရဲ့စာချုပ်ဖျက်သိမ်းကြေးကိုလည်း ယူရိုတစ်ဘီလျံအထိ သတ်မှတ်ခဲ့ပြီး ဒါဟာ ရီးရဲလ်မက်ဒရစ်ရဲ့မရှိမဖြစ် ကစားသမားတစ်ဦးဖြစ်လာပြီဆိုတဲ့ အချက်ကို သက်သေပြနေခဲ့ပါတယ်။
ကာမာဗင်ဂါလိုပဲ ဗယ်လ်ဗာဒီက အခုဘောလုံးရာသီမှာ အသင်းအတွက် ၁၁ ပွဲအထိ ပါဝင်ကစားပေးထားပြီး တစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှုသုံးကြိမ် စွမ်းဆောင်ပေးထားပါတယ်။

လက်ရှိမှာ ကာဗာမင်ဂါရော၊ ဗယ်ဗာဒီပါ နိုင်ငံ့လက်ရွေးစင်တာဝန်ထမ်းဆောင်ဖို့ ပြင်သစ်၊ ဥရုဂွေးအသင်းတို့နဲ့ ပူးပေါင်းနေပါတယ်။ အောက်တိုဘာနိုင်ငံတကာသီတင်းပတ်အပြီးမှာတော့ သူတို့နှစ်ဦးလုံးက ရီးရဲလ်မက်ဒရစ်အသင်းနဲ့ပြန်လည်ပူးပေါင်းကာ ဆီဗီလာနဲ့ရင်ဆိုင်ရမယ့် လာလီဂါ ပွဲစဉ်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်သွားပါလိမ့်မယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #ဗယ်ဗာဒီ #ကာမာဗင်ဂါ