ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ်ဆီ အပြီးသတ်ပြောင်းရွှေ့ချင်တယ်လို့ ဖွင့်ဟပြောဆိုလိုက်တဲ့ ဂိုးသမားကီပါ

2:48 PM, 12 October

ချဲလ်ဆီးမှ ရီးရဲလ်မက်ဒရစ်ဆီ အငှားထွက်ကစားနေတဲ့ ဂိုးသမားကီပါက စပိန်ထိပ်သီးကလပ်ဆီ အပြီးသတ်ပြောင်းရွှေ့ချင်တဲ့ ဆန္ဒကို ဖွင့်ဟလာခဲ့ပါတယ်။

ကော်တိုရစ်ရဲ့ ကာလရှည်ဒဏ်ရာရရှိမှု ပေါ်ပေါက်လာပြီးနောက် ရီးရဲလ်မက်ဒရစ်ရဲ့ဂိုးသမားသစ် ရှာဖွေမှုနဲ့အတူ စပိန်လက်ရွေးဝင်ကစားသမားဟာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ချဲလ်ဆီးမှ အငှားဖြင့် ထွက်ခွာလာခဲ့ပါတယ်။ ကော်တိုရစ်က ပြီးခဲ့တဲ့သြဂုတ်လအတွင်း ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့လို့ လာမယ့်နှစ်၊ မတ်လမတိုင်ခင်အထိ အနားယူရဖို့ ရှိနေပါတယ်။

၂၀၁၈ ခုနှစ်မှာ စတမ်းဖို့ဒ်ဘရစ်ချ်မှ ထွက်ခွာသွားတဲ့ ကော်တိုရစ်ရဲ့နေရာမှာ ချဲလ်ဆီးတာဝန်ရှိသူတွေက ကီပါနဲ့ အစားထိုးခဲ့တာပါ။ ကီပါက ခက်ခဲကြမ်းတမ်းတဲ့ ငါးနှစ်တာကာလကို ဖြတ်သန်းခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီမှာ ချဲလ်ဆီးမှ ထွက်ခွာခွင့်ရရှိဖို့ မျှော်လင့်ခဲ့ပါတယ်။

အထူးသဖြင့် ဘရိုက်တန်ဂိုးသမား ရောဘတ်ဆန်းချက်ဇ်ကို အနောက်လန်ဒန်ကခေါ်ယူခဲ့ချိန်မှာ စပိန်ဂိုးသမားရဲ့ဆုံးဖြတ်ချက်တွေက ပိုမိုပြတ်သားခဲ့ပါတယ်။ ချဲလ်ဆီးနည်းပြသစ်ပိုချက်တီနိုအနေဖြင့် သူ့ကိုအသင်းမှာ ဆက်ထိန်းချင်ခဲ့ပြီး ပွဲထွက်ဂိုးသမားနေရာအတွက် ရောဘတ်ဆန်းချက်ဇ်နဲ့ ပြိုင်ဆိုင်စေလိုတယ်လို့ အသက်-၂၉ နှစ်အရွယ် ဂိုးသမားက ထုတ်ပြောခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကီပါက ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ အငှားစာချုပ်ကိစ္စမေးမြန်းလာမှုအပေါ် ကီပါက “အနာဂတ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ပဲ ဆက်ရှိနေချင်ပါတယ်။ ဘယ်သူကရော ဒီလိုကလပ်အသင်းမျိုးမှာ မနေချင်ရမှာလဲ? ကျွန်တော် ဒီမှာ အရမ်းကိုပျော်ရွှင်နေပါတယ်”လို့ ပြောပါတယ်။

ကီပါက လက်ရှိဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် ကိုးပွဲကစား၊ ငါးပွဲ Clean Sheet နဲ့ ပေးဂိုး ခုနှစ်ဂိုးသာ ရှိခဲ့ပြီး အသင်းကို လာလီဂါအမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်အောင် ကူညီပေးထားပါတယ်။ လာမယ့်နွေရာသီမှာတော့ ကီပါနဲ့ ချဲလ်ဆီးတို့အကြား စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့လို့ ရီးရဲလ်မက်ဒရစ်အနေဖြင့် ဂိုးသမားကို အပြီးသတ်ခေါ်ယူလိုတယ်ဆိုရင် လျှော့ဈေးဖြင့် ခေါ်ယူနိုင်ပါလိမ့်မယ်။

#လာလီဂါ #ကီပါ #ချဲလ်ဆီး #ရီးရဲလ်မက်ဒရစ်