ရှေ့သို့
Image

ဘယ်လင်ဂမ် ရောက်လာလို့ ပွဲကစားခွင့် နည်းသွားတဲ့အပေါ် ရင်ဖွင့်လာတဲ့ ဝါရင့်ကွင်းလယ်ကြယ်ပွင့် မိုဒရစ်

1:28 PM, 12 October

ကမ္ဘာ့ဖလားချန်ပီယံအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့အပြီးမှာ မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းကို ပြောင်းရွှေ့ကစားကာ ခြေစွမ်းပြနေဆဲဖြစ်တဲ့ မက်ဆီက ကစားသမားဖြည့်တင်းရန် အင်တာမီယာမီအသင်းအနေဖြင့် ရွှေဘောလုံးဆုရှင် မိုဒရစ်ကို ခေါ်ယူရန် အကြံပြုကြောင်း သတင်းထွက်ပေါ်လာအပြီးမှာ မိုဒရစ်က ပွဲကစားခွင့်မိနစ်တွေ ပိုရချင်တဲ့အကြောင်းဖွင့်ဟလိုက်တာပဲ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းက ဒေါ့မွန်အသင်းနဲ့ အတူ အလားအလာကောင်းတွေ ပြသနိုင်ခဲ့တဲ့ ဘယ်လင်ဂမ်ကို ပြီးခဲ့တဲ့ ရာသီကြို အပြောင်းအရွှေ့ကာလအတွင်း ခေါ်ယူနိုင်ခဲ့အပြီးမှာ ဝါရင့်ကွင်းလယ်လူ မိုဒရစ်ရဲ့ ပွဲကစားခွင့်တွေက ပုံမှန်ထက် သိသိသာသာ လျော့နည်းလာပြီး ယခုနှစ်ဘောလုံးရာသီအတွင်းမှာ ပြိုင်ပွဲစုံ ပွဲကစားခွင့် ၃၉၁ မိနစ်မျှသာ ရထားတာ ဖြစ်ပါတယ်။

ခရိုအေးရှားဝါရင့်ကွင်းလယ်ကြယ်ပွင့်အနေဖြင့် ပွဲကစားချိန်တွေ ပိုမိုများပြားစွာရချင်နေတာလည်း ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ပိုင်းတွင် စူပါစတားကစားသမားတစ်ဦးအဖြစ် ကာလရှည်ကြာ ခြေစွမ်းပြကစားပေးနိုင်ခဲ့တဲ့ ဝါရင့်ကွင်းလယ်ကစားသမား မိုဒရစ်အနေဖြင့် ဘယ်လင်ဂမ်၊ ကာမာဗင်ဂါ၊ ချူအာမန်နီတို့ ရောက်လာမှုနဲ့အတူ ပုံမှန်ပွဲထွက်ကစားခွင့်ရရန် ရုန်းကန်နေရတာလည်း ဖြစ်ပါတယ်။

မိုဒရစ်အတွက် အနာဂတ်မှာ ပြောင်းရွှေ့နိုင်ကြောင်း သတင်းထွက်ပေါ်နေတဲ့ မက်ဆီရဲ့ အင်တာမီယာမီအသင်းတွင် လာလီဂါစတားတွေဖြစ်တဲ့ ဘက်စ်ကွက်နဲ့ ဂျော်ဒီအယ်လ်ဘာတို့ ပါဝင်ကစားနေတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းမှာ ပွဲကစားခွင့် ပိုရချင်နေတဲ့ အကြောင်းနဲ ပတ်သက်လို့ ရွှေဘောလုံးဆုရှင် ဝါရင့်ကွင်းလယ်လူ မိုဒရစ်က“ကျွန်တော်က ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာချင်နေတာ မဟုတ်ပါဘူး။ ပွဲကစားခွင့် ပိုရချင်တယ်ဆိုရုံလေးပါ။ ကိုယ်ခန္ဓာကြံ့ခိုင်ရေးမှာလည်း ကောင်းနေတာကြောင့် ဖြစ်နိုင်ရင် ၃ ရက်တစ်ပွဲလောက်ကို ကစားနေချင်တာပါ။ အသက်အရွယ်ကြောင့် ဖြစ်လာတဲ့ အခြေအနေအတိုင်းအတာတွေကို လက်ခံနိုင်ဖို့အတွက်လည်း ကြိုးစားသွားမှာပါ။ ဒီအခြေအနေကိုလက်ခံပြီး ခရီးဆက်သွားနိုင်ရေး လုပ်ဆောင်သွားမှာပါ”လို့ ရင်ဖွင့် ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #ဘယ်လင်ဂမ် #မိုဒရစ်