ရှေ့သို့
Image

ဗန်ဒိုက်ထက် ပိုကောင်းတဲ့ ဗဟိုခံစစ်မှူးဖြစ်လာဖို့ ရည်မှန်းထားတယ်လို့ ဖွင့်ပြောလာတဲ့ ကိုနာတေး

1:12 PM, 12 October

လီဗာပူးနောက်ခံလူ ကိုနာတေးက ကလပ်အသင်းဖော် ဗန်ဒိုက်ထက် ပိုကောင်းတဲ့ ဗဟိုခံစစ်မှူးတစ်ဦး ဖြစ်လာဖို့ ရည်မှန်းထားတယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ ကိုနာတေးပါဝင်နေတဲ့ ပြင်သစ်လက်ရွေးစင်အသင်းက လာမယ့်သောကြာနေ့၊ ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်အဖြစ် ဗန်ဒိုက်ဦးဆောင်လာမယ့် နယ်သာလန်လက်ရွေးစင် အသင်းနဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။ ၂၀၂၁ ခုနှစ်မှာ လိုက်ပ်ဇစ်မှ လီဗာပူးဆီ ရောက်ရှိလာတဲ့ ကိုနာတေးက အခုဘောလုံးရာသီမှာ ကလပ်အတွက် ပွဲထွက်ခွင့်နည်းပါးနေပေမယ့် မာဆေးဆိုဒ်ကလပ်ကစားသမားဘဝတလျှောက် ၆၁ ပွဲအထိ ပါဝင်ကစားထားပါတယ်။

အခုဘောလုံးရာသီမှာ နည်းပြယာဂန်ကလော့ပ်က ပွဲထွက်ဗဟိုခံစစ်မှူးတွေအဖြစ် ဗန်ဒိုက်၊ မာတစ်တို့ကို ဦးစားပေးလေ့ရှိပါတယ်။ ဒါပေမယ့် အသက်-၂၄ နှစ် အရွယ် ကစားသမားက ဒတ်ချ်နောက်ခံလူထံမှ အများကြီး သင်ယူနေပြီလို့ ထုတ်ဖော်ပြောဆိုခဲ့သလို အနာဂတ်ရည်မှန်းချက်မှာ အသင်းဖော်ကို ကျော်ဖြတ်သွားနိုင်ရေးဖြစ်တယ်လို့ ရှင်းပြလိုက်ပါတယ်။

နယ်သာလန်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ် မတိုင်ခင် ကိုနာတေးက “ဗန်ဒိုက်လုပ်ခဲ့သလိုမျိုး လုပ်နိုင်မယ့် နောက်ခံလူဆိုတာ အတော်လေးနည်းပါးပါတယ်။ ဗန်ဒိုက်က ခမ်းနားကြီးကျယ်တဲ့ နောက်ခံလူကောင်းတစ်ဦးဖြစ်ပြီး သူ့ဆီကနေ ကျွန်တော် အများကြီး သင်ယူနေပါတယ်။ အခု ကျွန်တော့်ရဲ့ရည်မှန်းချက်က သူ့ထက်ပိုကောင်းတဲ့ ခံစစ်မှူးဖြစ်လာဖို့ပါပဲ။ ဒါကို သူလည်း သိပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ကိုနာတေးက ရီးရဲလ်မက်ဒရစ်ခံစစ်မှူးဟောင်းရာမို့စ်ဟာ သူ့ရဲ့နံပါတ်-၁ စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ ကိုနာတေးက အခုဘောလုံးရာသီမှာ လက်စတာ၊ ဘုန်းမောက်တို့ကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်တွေမှာ ပွဲထွက်ခွင့်ရရှိခဲ့မှုနဲ့အတူ လီဗာပူးအတွက် မိနစ် ၂၂၀ ကစားထားပါတယ်။

ဒါ့အပြင် ယူရိုပါလိဂ်ပွဲစဉ် နှစ်ပွဲနဲ့ ကာရာဘောင်ဖလားပွဲစဉ်တစ်ပွဲတို့မှာလည်း ကိုနာတေးပွဲထွက်ခွင့်ရရှိခဲ့လို့ နည်းပြ ယာဂန်ကလော့ပ်က သူ့ကို အခုဘောလုံးရာသီ၊ ဖလားပွဲစဉ်တွေ အတွက် ဦးစားပေးအသုံးပြုဖို့ လိုလားနေတယ်လို့ ယူဆရပါတယ်။ တဖက်မှာလည်း ဗန်ဒိုက်က အခုဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ခြောက်ပွဲနဲ့ ယူရိုပါလိဂ်တစ်ပွဲ ပွဲထွက်ခွင့်ရရှိထားပါတယ်။

လီဗာပူးနဲ့အတူ ချန်ပီယံလိဂ်၊ အက်ဖ်အေ၊ ကာရာဘောင် အပါအဝင် ဖလားအားလုံးနီးပါး ဆွတ်ခူးထားနိုင်တဲ့ ဒတ်ချ်ကြယ်ပွင့်က နယူးကာဆယ်နဲ့ပွဲစဉ် အတွင်း ထုတ်ပယ်ခံခဲ့ရပြီးနောက် နှစ်ပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရပါတယ်။

#လီဗာပူး #ဗန်ဒိုက် #ကိုနာတေး #ပရီးမီးယားလိဂ်