ရှေ့သို့
Image

ချဲလ်ဆီးမှ ထွက်ခွာခဲ့မှုရဲ့ နောက်ကွယ်ဖြစ်ရပ်တွေကို ဖွင့်ဟလိုက်မယ်ဆိုရင် အားလုံးရှော့ခ်ဖြစ်သွားမယ်လို့ ပြောလာတဲ့ လူကာကူ

12:59 PM, 12 October

အခုနွေရာသီကာလအတွင်း ချဲလ်ဆီးအသင်းမှာ ဖြစ်ပျက်ခဲ့တဲ့ နောက်ကွယ်ဇာတ်လမ်းတွေကို ဖွင့်ဟပြောဆိုလိုက်မယ်ဆိုရင် လူတိုင်း ရှော့ခ်ဖြစ်သွားလိမ့်မယ်လို့ တိုက်စစ်မှူးလူကာကူက ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အင်တာမီလန်ဆီ အငှားထွက်ကစားရင်း ချန်ပီယံလိဂ်ဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့တဲ့ လူကာကူက အခုနွေရာသီမှာတော့ အံ့အားသင့်စရာအခြေအနေတစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။

နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ချဲလ်ဆီးက လူကာကူကို နောက်ထပ်အငှားချထားနိုင်ရေး အင်တာမီလန်နဲ့ ဆွေးနွေးပြောဆိုခဲ့ပေမယ့် ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူးရဲ့ ဂျူဗင်တပ်စ်နဲ့ ဆွေးနွေးမှုသတင်းတွေ ထွက်ပေါ်လာချိန်မှာ မီလန်အခြေစိုက်ကလပ်ရဲ့ တိုက်စစ်မှူးအပေါ် စိတ်ဝင်စားမှုတွေ အေးစက်သွားခဲ့ပါတယ်။

လူကာကူက ဆော်ဒီကလပ်အသင်းတွေရဲ့ မက်မောလောက်စရာကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပြီးနောက် အပြောင်းအရွှေ့ကာလအတွင်း အနာဂတ်မရေရာမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ လူကာကူနဲ့ မန်ချက်စတာယူနိုက်တက်မှာ လက်တွဲခဲ့ဖူးတဲ့ ရိုးမားနည်းပြမော်ရင်ဟိုက ဒီဇာတ်လမ်းဆီ ဝင်ရောက်ရှိလာခဲ့ပြီး ချဲလ်ဆီးတိုက်စစ်မှူးကို ရောမအခြေစိုက်ကလပ်ဆီ တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ပါတယ်။

အခုလိုယုံကြည်ပေးခဲ့မှုအပေါ် လက်ရှိမှာ လူကာကူက အကောင်းဆုံးပြန်လည် ပေးဆပ်နေပါပြီ။ မော်ရင်ဟိုရဲ့ အသင်းအတွက် ခက်ခဲတဲ့ ရာသီသစ်စတင်မှုတစ်ခု ဖြစ်ခဲ့ပေမယ့် အသက်-၃၀ နှစ်အရွယ် တိုက်စစ်မှူးက ရိုးမားအတွက် ပြိုင်ပွဲစုံ ရှစ်ပွဲကစား၊ ခုနစ်ဂိုးအထိ သွင်းယူပေးထားပါတယ်။ ပြီးခဲ့တဲ့နွေရာသီအားလပ်ရက်ကာလအကြောင်း မေးမြန်းလာမှုကိုတော့ လူကာကူက အခုလိုပဲ တုံ့ပြန်လာပါတယ်။

“ကျွန်တော်က ဝါးလုံးရှည်နဲ့သိမ်းကျုံးရမ်းတာမျိုး မကြိုက်ဘူးဆိုတာ ခင်ဗျားတို့လည်း သိကြပါတယ်။ အချိန်တန်ရင်တော့ ကျွန်တော်ပြောပြပါမယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နွေရာသီမှာ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ ကျွန်တော် ထုတ်ပြောလိုက်မယ်ဆိုရင် လူတိုင်း ရှော့ခ်ဖြစ်သွားပါလိမ့်မယ်။ ဖတ်ခဲ့ဖူးသမျှ အဓိပ္ပါယ်မရှိဆုံးအရာက ဘာလဲ? အဲ့ဒီရေးထားသမျှအရာတွေမှာ ကျွန်တော်က ကလပ်အသင်းတစ်ခုဆီ ထွက်ခွာသွားတော့မယ်လို့ ပါရှိခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒါက တကယ့်ကို အဓိပ္ပါယ်မရှိတာပါ။ ဒေါသအိုးပေါက်ကွဲခဲ့ရတဲ့ အခိုက်အတန့်တွေလည်း ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ငါးနှစ်တုန်းကလည်း ဒီလိုအခြေအနေမျိုး ကြုံတွေ့ခဲ့ရဖူးပေမယ့် အခုအချိန်မှာတော့ အဲ့ဒီလိုပေါက်ကွဲမှုအတွက် ကိုယ့်ရဲ့ခွန်အားတွေကို အဆုံးရှုံးမခံတော့ပါဘူး။ တိတ်တိတ်လေးနေပြီး ကိုယ့်ကိုကိုယ် အာရုံစိုက်ထားရမယ့် အခိုက်အတန့် ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ကတော့ ဘောလုံးမှာ ကိုယ်ဘာတွေလုပ်နိုင်မလဲဆိုတာကိုပဲ အာရုံစိုက်ထားခဲ့ပါတယ်”လို့ လူကာကူက ပြောပါတယ်။

#လူကာကူ #ချဲလ်ဆီး #အင်တာမီလန် #ပရီးမီးယားလိဂ်