အခြေအနေသာပေးရင် မက်ဆီကို ခေါ်သွားမယ်လို့ အရိတ်မြွတ်ဆိုလိုက်တဲ့ ဘာစီလိုနာ ဒုတိယဥက္ကဌ အက်ဒွက်ရိုမီယူ
11:06 AM, 12 October
နည်းပြ ဇာဗီရဲ့ ဒုတိယမြောက်ဘောလုံးရသီမှာ လာလီဂါအမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းက ချန်ပီယံဆုဖလားကို ကာကွယ်နိုင်ရေးအတွက် ပြင်ဆင်မှုတွေပြုလုပ်နေပြီး ကစားသမားဖြည့်တင်းမှုတွေ ဆက်တိုက်ပြုလုပ်ထားသလို မေဂျာလိဂ်ရှုံးထွက်အဆင့်ကနေ ဆက်လက်ကစားခွင့်မရခဲ့တဲ့ အင်တာမီယာမီကြယ်ပွင့် မက်ဆီကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ရိုမီယူက ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။
မက်ဆီရဲ့ အင်တာမီယာမီအသင်းက မေဂျာလိဂ်ရှုံးထွက်အဆင့်အတွက် အရေးပါတဲ့ အက်ဖ်စီစင်စင်နာတီအသင်းနဲ့ ကစားတဲ့ ပွဲစဉ်တွင် အဓိက ကစားသမား မက်ဆီပါ လူစားဝင်ရောက်ကစားခဲ့ပေမဲ့ ၁ဂိုး - ဝဂိုး ရလဒ်ဖြင့် အရေးနိမ့်တာကြောင့် မေဂျာလိဂ် ရှုံးထွက်အဆင့်မှ ထွက်ခွာခဲ့ရကာ အနားရနေတာလည်း ဖြစ်ပါတယ်။ မက်ဆီရဲ့ အင်တာမီယာမီအသင်းတွင် ဘာစီလိုနာစတားတွေဖြစ်ခဲ့ကြတဲ့ ဘက်စ်ကွက်နဲ့ ဂျော်ဒီအယ်လ်ဘာတို့ ပါဝင်ကစားနေတာ ဖြစ်ပါတယ်။
မေဂျာလိဂ်ကလပ်အသင်းကနေ ဥရောပ အခြေစိုက်ကလပ်အသင်းကို အငှားနဲ့ ပြောင်းရွှေ့ကစားခဲ့ဖူးတဲ့ ကစားသမားတွေလည်း ရှိထားပြီး အဓိကအနေနဲ့ ပြင်သစ်တိုက်စစ်မှုး သီယာရီအွန်နရီက မေဂျာလိဂ်ကလပ် နယူးယောက်ရက်ဘူးလ် အသင်းကနေ အာဆင်နယ်အသင်းကို အငှားနဲ့ လာရောက်ကစားခဲ့ဖူးတာ ဖြစ်ပါတယ်။
အခွင့်အရေးရလျှင် မက်ဆီကို ခေါ်ယူနိုင်ရေး လုပ်ဆောင်နိုင်တဲ့ အကြောင်းနဲ့ ပတ်သက်လို့ ကတ္တလန်ကလပ်ရဲ့ ဒုတိယမြောက် ဥက္ကဌ အက်ဒွက်ရိုမီယူက “ကျွန်တော်လုပ်ချင်တဲ့ တစ်ခုတည်းသော အဓိက အကြောင်းအရာက ဖြစ်နိုင်ရန် မက်ဆီကို ကြီးမားတဲ့ ကမ်းလှမ်းမှုပြုလုပ်ပြီး ခေါ်ယူချင်တာပါ။ အခြေအနေနဲ့ အချိန်အခါသာ အခွင့်သာနေမယ်ဆိုရင် ကြိုးပမ်းမှာပါ။ သူကလည်း ကြီးမားတဲ့ ကမ်းလှမ်းမှုတွေနဲ့ ထိုက်တန်တဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့် ရှေ့ဆက်ဖြစ်လာမယ့်အရာတွေကို စောင့်ကြည့်ကြတာပေါ့” လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။