ရှေ့သို့
Image

နာပိုလီ နည်းပြသစ်အဖြစ် တာဝန်ယူဖို့ အသင့်ဖြစ်နေတဲ့ အန်တိုနီယိုကွန်တီ

9:54 AM, 12 October

ဖိအားတွေအောက် ကျရောက်နေတဲ့ ရူဒီဂါစီယာရဲ့နေရာမှာ အစားထိုးဝင်ရောက်ကာ နာပိုလီနည်းပြသစ်အဖြစ် တာဝန်ယူပေးဖို့ အန်တိုနီယိုကွန်တီ အဆင်သင့်ဖြစ်နေပြီလို့ အီတလီအခြေစိုက် သတင်းဌာနတွေက ဖော်ပြရေးသားလာပါတယ်။ နည်းပြရုူဒီဂါစီယာလက်အောက် စီးရီးအေ လက်ရှိချန်ပီယံတွေက အခုဘောလုံးရာသီအတွက် ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ငါးပွဲနိုင်၊ နှစ်ပွဲသရေ၊ သုံးပွဲရှုံးရလဒ်ထွက်ပေါ်ထားပြီး ရာသီသစ်ကို မတည်ငြိမ်မှုများစွာနဲ့ စတင်လာခဲ့ပါတယ်။

ပြင်သစ်လူမျိုးနည်းပြက အခုနွေရာသီ၊ နည်းပြဟောင်းစပယ်လက်တီနေရာမှာ အစားထိုးတာဝန်ယူခဲ့သူပါ။ တဖက်မှာလည်း ကွန်တီက ပြီးခဲ့တဲ့မတ်လအတွင်း တော့တင်ဟမ်နည်းပြတာဝန်မှ ထုတ်ပယ်ခံရပြီးနောက် ဘောလုံးလောကနဲ့ ကင်းကွာနေသူတစ်ဦး ဖြစ်ပါတယ်။

အီတလီမှာ ပျံ့နှံ့နေတဲ့ သတင်းတွေအရ လက်ရှိမှာ ကွန်တီက စီးရီးအေပြိုင်ပွဲဆီ ပြန်လာနိုင်မယ့် အခွင့်အလမ်းနဲ့ နည်းပြဂါစီယာရဲ့နေရာမှာ အစားထိုးတာဝန်ယူနိုင်ရေးကိစ္စတွေကို ဆွေးနွေးဖို့ နာပိုလီအသင်း ဥက္ကဋ္ဌဒီလော်ရန်တီစ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။ ကွန်တီအနေဖြင့် နာပိုလီအသင်းနည်းပြရာထူးကို လက်ခံဖို့အသင့်ရှိနေပေမယ့် နည်းပြသစ်ဖြစ်လာချိန် ကလပ်ရဲ့ကစားသမားအပြောင်းအရွှေ့ကိစ္စရပ်တွေမှာ ပြောရေးဆိုခွင့်ပြုရေး တောင်းဆိုသွားလိမ့်မယ်လို့ သိရပါတယ်။

နာပိုလီနည်းပြသစ်ရာထူး အတွက် မေးမြန်းလာမှုကို ကွန်တီက “အခုအချိန်မှာတော့ ကျွန်တော်က မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ရှိနေပါတယ်။ အင်္ဂလန်မှထွက်ခွာလာပြီးကတည်းက ကျွန်တော် ရှင်းလင်းပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခု ချမှတ်ထားခဲ့ပါတယ်။ ဒီခရီးရှည်ကြီးမှာ ဘာမဆိုဖြစ်လာနိုင်တယ်ဆိုတာ ခင်ဗျားတို့လည်း သိကြပါတယ်”လို့ ပြောပါတယ်။

တဖက်မှာလည်း နာပိုလီခံစစ်မှူးဟောင်းကူလီဘာလေက လက်ရှိနည်းပြဂါစီယာကို အချိန်ပေးဖို့ အသင်းဟောင်းဆီ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

Instagram လူမှုကွန်ရက်တိုက်ရိုက်မေးမြန်းခန်းအစီအစဉ်တစ်ခုမှာ ကူလီဘာလေက “ဂါစီယာဟာ နည်းပြကောင်းတစ်ဦးဖြစ်ပြီး အတိတ်မှာ ရှိခဲ့ဖူးတဲ့အခြားနည်းပြတွေလိုပဲ အထိုင်ကျဖို့ အချိန်လိုအပ်နေပါတယ်။ ကစားသမားတွေကလည်း သူနဲ့အတူ ရှိနေပါတယ်။ နာပိုလီကစားသမားတွေအနက် နှစ်ယောက်၊ သုံးယောက်လောက်ကို ကျွန်တော်မေးကြည့်ချိန် သူတို့ကလည်း ဒီအချက်ကို အတည်ပြုပေးခဲ့ပါတယ်။ သူတို့တွေ အလုပ်ကို အတူတကွဆက်လုပ်ဖို့ပဲ လိုအပ်ပြီး အရာရာတိုင်းဟာ အဆင်ပြေသွားပါလိမ့်မယ်။ ဂါစီယာအတွက် ကလပ်အသင်းဘက်က စိတ်ရှည်သည်းခံပေးဖို့ ကျွန်တော် မျှော်လင့်မိပါတယ်”လို့ ဆိုပါတယ်။

#စီးရီးအေ #ဂါစီယာ #ကွန်တီ #နာပိုလီ #ကူလီဘာလေ