ရှေ့သို့
Image

ဆိုးရွားတဲ့ အခိုက်အတန့်တစ်ခုကို နည်းပြဂါစီယာနဲ့အတူ ရောက်ရှိနေတယ်လို့ ဆိုလာတဲ့ နာပိုလီဥက္ကဋ္ဌ ဒီလော်ရန်တီစ်

4:46 PM, 11 October

နာပိုလီအသင်းဥက္ကဋ္ဌဒီလော်ရန်တီစ်က ပြီးခဲ့တဲ့နွေရာသီမှာ အသင်းနည်းပြသစ်အဖြစ်ခန့်အပ်ဖို့အတွက် သီယာဂိုမော့တာ၊ လူးဝစ်အင်းနရစ်တို့ကို စိတ်ကူးခဲ့ပေမယ့် ကံကောင်းစွာနဲ့ပဲ လူးဝစ်အင်းနရစ်ဟာ နာပိုလီနည်းပြသစ် ဖြစ်မလာခဲ့ဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

စကူဒက်တိုချန်ပီယံဆုကာကွယ်ရမယ့် ဘောလုံးရာသီမှာ နာပိုလီအသင်းရဲ့ရာသီအစပိုင်းရလဒ်တွေ ဆိုးရွားနေမှုကြောင့် နည်းပြဂါစီယာတစ်ယောက် ဖိအားတွေအောက် ကျရောက်နေပါတယ်။ အခုနိုင်ငံတကာသီတင်းပတ်မတိုင်ခင် ဖီအိုရင်တီးနားကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တာကြောင့် နာပိုလီက အမှတ်ပေးဇယားဦးဆောင်သူအေစီမီလန်နဲ့ ခုနစ်မှတ်အထိ ကွာဟသွားခဲ့ပါတယ်။

ဒါ့အပြင် အိုဆီမန်၊ ခဗာရက်စ်ခီးလီယာတို့အပါအဝင် အဓိကကစားသမားအချို့ဟာ နည်းပြဂါစီယာလက်အောက်မှာ ပုံစံကောင်းပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။ ယမန်နေ့၊ ရောမတက္ကသိုလ်မှာပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာတော့ ပြင်သစ်လူမျိုးနည်းပြရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဒီလော်ရန်တီစ်က ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော်ပြောဆိုလာပါတယ်။

“ကျွန်တော်က သူနဲ့အတူ ဆိုးရွားတဲ့အခိုက်အတန့်တစ်ခုမှာ ရောက်ရှိနေပါတယ်။ ကျွန်တော်က လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး ကိုယ့်ရဲ့ကုမ္ပဏီမှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာ စိတ်ဝင်တစားရှိရပါမယ်။ နည်းပြနဲ့ အားကစားဒါရိုက်တာတို့လည်း သူတို့အလုပ်တာဝန်တွေ ထမ်းဆောင်နေကြပါတယ်။ အချိန်တန်ရင်တော့ သင့်တော်တဲ့ဆုံးဖြတ်ချက်တွေ ကျွန်တော် ချမှတ်သွားပါမယ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ကျွန်တော့်အပေါ် မလွှမ်းမိုးနိုင်ပါဘူး၊ စဉ်းစားဖို့အတွက်ပဲ အချိန်ယူတာပါ။ အလောတကြီး ဆုံးဖြတ်ချက်ချမှတ်ခြင်းတွေက မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ ဖြစ်စေပါတယ်။ ဘဝမှာ အရာရာတိုင်းက လွယ်လင့်တကူဖြစ်လာတာမျိုးတော့ မရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့တွေ ခေါင်းကို မော့ထားပြီး အလုပ်ကို ပြင်းပြင်းထန်ထန်ကြိုးစားဖို့ လိုအပ်ပါတယ်”

“အီတလီဘောလုံးလောကအကြောင်း မသိသေးတဲ့ နည်းပြတစ်ဦးကို ခန့်အပ်လိုက်ချိန်မှာ ရုန်းကန်ရလေ့ရှိတာ ဓမ္မတာပါပဲ။ အခြားသူတွေဆိုရင်လည်း အဲ့ဒီအတိုင်းပဲ ဖြစ်ပါလိမ့်မယ်။ အသစ်ဝင်ရောက်လာသူတွေကို ပြစ်တင်ဝေဖန်နေတာက အသုံးမတည့်ပါဘူး။ ဘောလုံးဆိုတာမျိုးက ကောင်းကောင်းတည်ဆောက်ထားရင် ပြိုကျပျက်စီးဖို့မရှိတဲ့ အဆောက်အဦတည်ဆောက်မှုမျိုးနဲ့ မတူညီပါဘူး။ ဘောလုံးမှာ အခိုက်အတန့်တွေ၊ ဒဏ်ရာရပွဲပယ်ပြဿနာတွေ ရှိပါတယ်။ လိဂ်ချန်ပီယံဆုဆွတ်ခူးနိုင်ဖို့ သင်္ချာနည်းအရ ဖြေရှင်းချက်မျိုး မရှိသလို အခုရာသီကုန်မတိုင်ခင် ချန်ပီယံပြေးလမ်းမှာ ကျွန်တော်တို့ ပါဝင်လာနိုင်လိမ့်မယ်လို့လည်း ယုံကြည်ထားပါတယ်။ သူ့ကို ရွေးချယ်လိုက်ခြင်းအပြင် ကျွန်တော့်ရဲ့တစ်ခုတည်းသောတာဝန်က အသင်းလေ့ကျင့်ရေးကွင်းမှာ နေ့တိုင်း သူ့အနားမှာ ရှိမနေဖို့ပါပဲ”လို့ ဒီလော်ရန်တီစ်က ပြောပါတယ်။

ဒါ့အပြင် အခုနွေရာသီကာလအတွင်း နည်းပြစပယ်လက်တီရဲ့နုတ်ထွက်စာကို လက်ခံရရှိပြီးနောက် ဒီလော်ရန်တီစ်က ဝါရင့်နည်းပြနေရာမှာ အစားထိုးဖို့ ဖြစ်နိုင်ချေရှိမယ့် ရွေးချယ်စရာနည်းပြတွေနဲ့ စကားပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒီလော်ရန်တီစ်က “ကျွန်တော် သီယာဂိုမော့တာကိုလည်း အင်တာဗျူးခဲ့ပါတယ်။ အောင်မြင်မှုတွေရရှိခဲ့တဲ့ နည်းပြတစ်ယောက်နေရာမှာ အစားထိုးတာဝန်ယူမှုရဲ့ စွန့်စားရခြင်းတွေကို မော့တာက မလိုချင်ခဲ့ပါဘူး။ လူးဝစ်အင်းနရစ်နဲ့လည်း ကျွန်တော် စကားပြောဖြစ်ခဲ့ပြီး ကံကောင်းစွာနဲ့ သူက ပြင်သစ်ကို ထွက်ခွာသွားခဲ့ပါတယ်။ တကယ်ကံကောင်းတာပါ၊ ပြင်သစ်မှာ ဖြစ်ပျက်နေတဲ့ သူ့ရဲ့ရလဒ်တွေကို ကြည့်လိုက်ပါဦး။ သုံးရက်ကြာလုပ်ဆောင်ခဲ့တဲ့ ဆွေးနွေးပွဲတွေမှာလည်း သူက ကျွန်တော့်ကို မယုံကြည်ခဲ့ပါဘူး။ နည်းပြအများကြီးနဲ့ ကျွန်တော် စကားပြောခဲ့ပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။

ရောမတက္ကသိုလ်အခမ်းအနားအတွင်း ဒီလော်ရန်တီစ်က အစ္စရေးပဋိပက္ခအပြီး ဆော်ဒီမှာ စူပါကိုပါအီတာလီယာဖလားပြိုင်ပွဲကို သွားရောက်ကစားဖို့ ဆန္ဒမရှိဘူးလို့ အတည်ပြုပြောဆိုခဲ့ပါတယ်။ ကစားသမား ၁၂၀ ဦးကို အစ္စရေးပဋိပက္ခဇုန်ကို ကျော်ဖြတ်ကာ လေယာဉ်ဖြင့် ခေါ်ဆောင်သွားဖို့ဆိုတာ ရူးနှမ်းတဲ့ လုပ်ရပ်တစ်ခုဖြစ်ပြီး အာရပ်နိုင်ငံတွေအနေဖြင့် အမျိုးသမီးနဲ့ လုပ်သားအခွင့်အရေးတွေအပေါ် လေးစားမှုရှိရမယ်လို့ နာပိုလီအသင်းပိုင်ရှင်က ဝေဖန်ပြောဆိုခဲ့ပါတယ်။

#စီးရီးအေ #ဂါစီယာ #နာပိုလီ #ဒီလော်ရန်တီစ်