ရှေ့သို့
Image

သူ့အတွက် အကောင်းဆုံး ခြေစွမ်းပြသနိုင်မယ့် နေရာကို ထုတ်ဖော်ပြောဆိုလာတဲ့ ဂန်းနားကြယ်ပွင့် ဂျီးဆပ်

4:37 PM, 11 October

အာဆင်နယ်ကြယ်ပွင့် ဂျီးဆပ်က အထောင်တိုက်စစ်မှူးနေရာမှာ ကစားချင်လို့ မြောက်လန်ဒန်ကလပ်ဆီ ပြောင်းရွှေ့ခဲ့ပေမယ့် လက်ရှိမှာတော့ နည်းပြအာတီတာ ညွှန်ကြားမှုအတိုင်း ကစားနေရခြင်းကသာ သူ့ကို ပျော်ရွှင်စေတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

ဂန်နားတွေရဲ့ ကျောနံပါတ်-၉ တိုက်စစ်မှူးက ဗဟိုတိုက်စစ်နေရာမှာ ကစားလေ့ရှိပေမယ့် အခုဘောလုံးရာသီ၊ နည်းပြ အာတီတာရဲ့အသင်းမှာ တိုက်စစ်ပိုင်းနေရာစုံ ကစားနေရပါတယ်။ အသက်-၂၆ နှစ်အရွယ်ကစားသမားက အခုဘောလုံးရာသီ၊ အာဆင်နယ်အတွက် ပြိုင်ပွဲစုံငါးပွဲအထိ ပွဲထွက်ခဲ့ပြီး ဒီပွဲစဉ်ငါးခုမှာ ဗဟိုတိုက်စစ်မှူးအဖြစ် နှစ်ကြိမ်၊ ဘယ်တောင်ပံတိုက်စစ်မှူးအဖြစ် နှစ်ကြိမ်နဲ့ ညာတောင်ပံတိုက်စစ်မှူးအဖြစ် တစ်ကြိမ် ကစားခဲ့ပါတယ်။

ဂျီးဆပ်စ်က အထောင်တိုက်စစ်မှူးအဖြစ်ကစားတဲ့ ပွဲစဉ်နှစ်ခုလုံးမှာ သွင်းဂိုးတွေ ရရှိခဲ့ပေမယ့် တောင်ပံထွက်ကစားရတဲ့ပွဲစဉ်တွေမှာတော့ ဂိုးပါဝင်ပတ်သက်မှုတစ်ကြိမ်မှ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဗဟိုတိုက်စစ်မှူးနေရာမှာ ဂျီးဆပ်စ်အစား ပွဲထွက်ကစားခွင့်ရရှိနေတဲ့ အန်ကတ်တီယာကလည်း အခုဘောလုံးရာသီ၊ သွင်းဂိုးပါဝင်ပတ်သက်မှုတစ်ကြိမ်မှ မရှိသေးပါဘူး။

ရလဒ်အနေဖြင့် ပရိသတ်အများစုက အာတီတာဟာ ဂျီးဆပ်ကို တောင်ပံကစားသမားအဖြစ် အချိန်ကုန်ခိုင်းနေတယ်လို့ ယုံကြည်နေသလို လာမယ့်ဇန်နဝါရီမှာလည်း နံပါတ်-၉ ကစားသမားဖြစ်တဲ့ ဘရန့်ဖို့ဒ်ရဲ့တိုနေးကို ခေါ်ယူတော့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ အခုနိုင်ငံတကာသီတင်းပတ်အတွက် ဘရာဇီးလက်ရွေးစင်အသင်းဆီ ပြန်လည်ရောက်ရှိနေတဲ့ ဂျီးဆပ်က သူ့ရဲ့ဦးစားပေးနေရာအကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

“ကျွန်တော်က အာဆင်နယ်မှာ နေရာစုံကစားနေရလို့ ထောက်ပြပြောဆိုနေမှုတွေ ရှိလာတာ မှန်ပါတယ်။ မန်စီးတီးမှ အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ ကျွန်တော် ရွေးချယ်လိုက်ချိန် အီဒူးနဲ့ အာတီတာကို နံပါတ်-၉ နေရာမှာ ကစားချင်တဲ့အကြောင်း ရှင်းရှင်းလင်းလင်းပြောပြခဲ့ပါတယ်။ ကျွန်တော့်ကို နံပါတ်-၉ နေရာမှာ လွတ်လွတ်လပ်လပ်ကစားစေဖို့ဆိုတာ အာဆင်နယ်ရဲ့ အကြံအစည်ဖြစ်ခဲ့ပါတယ်။ အခုဘောလုံးရာသီမှာတော့ မတူတော့ပါဘူး။ အသင်းမှာ ဒဏ်ရာပြဿနာတွေ ရှိခဲ့ပြီး ကျွန်တော်ကစားခွင့်ရရှိခဲ့တဲ့ နောက်ဆုံးပွဲစဉ်တွေမှာ တိုက်စစ်သုံးနေရာလုံး ကစားခဲ့ရပါတယ်။ ကျွန်တော် နံပါတ်-၉ နေရာမှာ ကစားချင်တယ်လို့ ပြောဆိုခဲ့ဖူးပေမယ့် အခု ကျွန်တော်ရှိနေတာက အသင်းကို ကူညီပေးဖို့ပါပဲ။ တိုက်စစ်နေရာစုံကစားနိုင်တဲ့ စွယ်စုံရအရည်အသွေးတွေပိုင်ဆိုင်ခွင့်ရရှိထားလို့ ဘုရာသခင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အကြိုက်တော့ မရွေးချယ်ချင်ပါဘူး”လို့ ဂျီးဆပ်စ်က ပြောပါတယ်။

ဂျီးဆပ်ပြောခဲ့သလိုပါပဲ၊ မာတင်နယ်လီ၊ ထရောဆက်ဒ်နဲ့ ဆာကာတို့လို အသင်းဖော်တွေ ဒဏ်ရာပြဿနာကြောင့် ရုန်းကန်နေရချိန်မှာ သူ့ကို တောင်ပံထွက်ကစားစေတဲ့ ဆုံးဖြတ်ချက်ကို သေချာပေါက်ချမှတ်ရဖို့ ဖြစ်လာခဲ့ပါတယ်။
ဂျီးဆပ်စ်ဆီမှ မျှော်လင့်ထားသလောက် သွင်းဂိုးတွေ မမြင်ရဘူးဆိုပေမယ့် သူက အာဆင်နယ်ကို အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိဖြတ်သန်းရင်း အမှတ်ပေးဇယားကို တော့တင်ဟမ်နဲ့အတူ ပူးတွဲဦးဆောင်နိုင်ဖို့ ကူညီပေးထားပါတယ်။

အလားတူ ဂန်းနားကြယ်ပွင့်က ဗင်နီဇွဲလား၊ ဥရုဂွေးတို့နဲ့ ရင်ဆိုင်ရမယ့် ဘရာဇီးအသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ အသင်းကို ကူညီပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။ အခုနိုင်ငံတကာသီတင်းပတ်အပြီးမှာတော့ ဂျီးဆပ်နဲ့ အာဆင်နယ် အသင်းကို အောက်တိုဘာ ၂၁ ရက်၊ စတမ်းဖို့ဘရစ်ချ်မှာ ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်က စောင့်ကြိုနေပါတယ်။

#အာတီတာ #အာဆင်နယ် #ဂျီးဆပ် #ပရီးမီးယားလိဂ်