ရှေ့သို့
Image

ဘန်လေနဲ့ ပွဲမှာ နည်းပြ ညွှန်ကြားထားတဲ့အတိုင်း လိုက်ပါကစားနိုင်ခဲ့ကြတယ်လို့ ဆိုတဲ့ ကူကူရယ်လာ

2:53 PM, 10 October

ဘန်လေအသင်းနဲ့ ချဲလ်ဆီး အသင်းတို့ ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၈) အတွင်း ဝေဖန်မှုတွေနဲ့ ကြီးကြီးမားမားကြုံနေရတဲ့ နည်းပြ ပိုချက်တီနိုရဲ့ ချဲလ်ဆီးအသင်းက တန်းတက်ဘန်လေ အသင်းကို ၁ဂိုး - ၄ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့ပြီး ပွဲစဉ်အတွင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ ဘယ်နောက်တန်းအစွန်ကစားသမား ကူကူရယ်လာက နိုင်ပွဲ ရခဲ့ပုံနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက ယခုနှစ်ဘောလုံးရာသီအတွင်း ဘန်လေအသင်းနဲ့ မကစားမီ ပွဲစဉ် ၇ ပွဲအထိ ကစားထားရာမှာ နိုင်ပွဲ ၂ ပွဲသာ ရထားတာကြောင့် ဝေဖန်မှုတွေဆက်တိုက် မြင့်တက်နေပေမဲ့ ဘန်လေအသင်းနဲ့ ပွဲစဉ်တွင် ပြိုင်ဘက်ရဲ့ ဦးဆောင်ခြင်းခံထားရတဲ့ အခြေအနေမှ နိုင်ပွဲဖော်ဆောင်က ၃ ပွဲမြောက်နိုင်ပွဲ ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘရိုက်တန်အသင်းကနေ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့ပေမဲ့ ပုံမှန်ခြေစွမ်းပြသနိုင်ရန် ရုန်းကန်နေရတဲ့ ကူကူရယ်လာ အနေဖြင့် ယခုနှစ်မှာ ကြံ့ခိုင်မှု အခြေအနေကြောင့် ပွဲထွက်ခွင့်တွေနဲ့ လွဲချော်နေခဲ့ပေမဲ့ ချဲလ်ဆီးအသင်းရဲ့ ပြီးခဲ့တဲ့ ပွဲစဉ် ၃ ပွဲဆက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့တာပဲ ဖြစ်ပါတယ်။

လန်ဒန်ပြိုင်ဘက် ဖူလ်ဟမ်အသင်းပါအဝင် ဘန်လေအသင်းကိုပါ ၂ ပွဲဆက်နိုင်ပွဲ ရှာထားနိုင်ခဲ့တဲ့ ချဲလ်ဆီးအသင်းက အမှတ်ပေးဇယားအဆင့် ၄ နေရာနဲ့ ရမှတ် ၆ မှတ်ကွာ အနေအထားဖြင့် အမှတ်ပေးဇယားအဆင့် ၁၁ နေရာတွင် ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက နိုင်ငံတကာပွဲရက်တွေအပြီး ယှဉ်ပြိုင်ကစားကြမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အဓိက လန်ဒန်ပြိုင်ဘက် အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

ဘန်လေအသင်းနဲ့ ပွဲစဉ်မှာ နိုင်ပွဲရခဲ့တာနဲ့ ပတ်သက်လို့ ကူကူရယ်လာက “ဂိုတစ်ဂိုး ခွင့်ပြုလိုက်ရချိန်မှာတောင် ကျွန်တော်တို့အသင်းရဲ့ တုံ့ပြန်မှုက အရမ်းကောင်းနေခဲ့ပါတယ်။ ဒုတိယပိုင်းရောက်တဲ့အခါ ကျွန်တော်တို့အသင်းက အခွင့်အရေးတွေ ဆက်တိုက်ဖန်းတီးနိုင်ခဲ့ကြပါတယ်။ ဂိုးများများနဲ့ နိုင်ခဲ့တာကြောင့် ယုံကြည်မှု ပိုရလာပြီး ဒီနိုင်ပွဲက များစွာအကျိုးသက်ရောက်စေမှာပါ။ နည်းပြ ညွှန်ကြားချက်အတိုင်း ကစားသမားတွေက လိုက်ပါ ကစားနိုင်ခဲ့ကြပါတယ်”လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#ချဲလ်ဆီး #ဘန်လေ #ကူကူရယ်လာ #ပရီးမီးယားလိဂ်