ရှေ့သို့
Image

တော့တင်ဟမ်နဲ့ လီဗာပူး ပွဲစဉ်ကဖြစ်ပျက်ခဲ့တဲ့ VAR ပြဿနာနဲ့ ပတ်သက်ပြီး အာနိုးကို လှောင်ပြောင်လိုက်တဲ့ မက်ဒီဆင်

11:04 AM, 10 October

တော့တင်ဟမ်ကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆင်က ၎င်းရဲ့အင်္ဂလန်လက်ရွေးစင်အသင်းဖော် လီဗာပူးနောက်ခံလူ အလက်ဇန္ဒားအာနိုးကို တော့တင်ဟမ် ၂-၁ လီဗာပူးပွဲစဉ်က ဖြစ်ပျက်ခဲ့တဲ့ VAR ပြဿနာနဲ့ပတ်သက်ပြီး လှောင်ပြောင်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ယခုအခါ ကစားသမား ၂ ဦးစလုံးဟာ ဂါရတ်ဆောက်ဂိတ်ရဲ့ရွေးချယ်မှုမှာ ပါဝင်ခဲ့ကြပြီး နိုင်ငံတကာပွဲစဉ်တွေအတွက် အင်္ဂလန်အသင်းမှာ ရောက်ရှိနေကြတာဖြစ်ပါတယ်။ လာမယ့် ဩစတြေးလျ၊ အီတလီတို့နဲ့ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေမှာ အသင်းဖော်တွေအဖြစ်ပါဝင်သွားရမယ့် ကစားသမား ၂ ဦးဟာ ပြီးခဲ့တဲ့ တော့တင်ဟမ် ၂-၁ လီဗာပူးပွဲစဉ်မှာတော့ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ခဲ့ကြရတာြဖစ်ပါတယ်။

အဆိုပါပွဲစဉ်အပြီးမှာ PGMOLက လီဗာပူးတောင်ပံကစားသမား လူးဝစ် ဒီယက်ဇ်ရဲ့ သွင်းဂိုးကို VAR နဲ့စစ်ဆေးပြီး မှားယွင်းစွာ ပယ်ဖျက်ခဲ့မိခဲ့တာက သိသာထင်ရှားတဲ့ လူသားအမှားဖြစ်တယ်လို့ ဝန်ခံခဲ့သော်လည်း ဘောလုံးလောကမှာတော့ ကျယ်ကျယ်ပြန့်ပြန့်အငြင်းပွားမှုတွေ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် PGMOL က လီဗာပူးအသင်းကို တောင်းပန်မှုတွေပြုလုပ်ခဲ့သော်လည်း ယာဂင်ကလော့ပ်က ပွဲကို ပြန်ကစားခွင့်ပေးဖို့ တောင်းဆိုမှုပြန်လည်ပြုလုပ်ခဲ့ပါတယ်။ သို့သော်လည်း အဆိုပါတောင်းဆိုချက်ဟာ တကယ်ဖြစ်မလာနိုင်ဘဲ တော့တင်ဟမ်ရဲ့အနိုင်ကိုသာ အတည်ယူလိုက်ပြီဖြစ်ပါတယ်။

ယခုအခါ မက်ဒီဆင်က ၎င်းရဲ့နိုင်ငံအသင်းဖော် အာနိုးနဲ့ဆုံတွေ့နေစဉ်မှာ အဆိုပါ အငြင်းပွားဖွယ်ကိစ္စရပ်ကို ပြန်လည်အစဖော်တဲ့အနေနဲ့ အာနိုးနဲ့အတူတူ ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံကို အင်စတာဂရမ်မှ တစ်ဆင့် “ပြန်ကစားဖို့ တောင်းဆိုနေတုန်းပဲ” ဆိုတဲ့စာသားနဲ့ ရေးသားမျှဝေခဲ့တာြဖစ်ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ မက်ဒီဆင်ရဲ့တော့တင်ဟမ်က ရပ်တည်နေတာကြောင့် အထင်ကြီးလောက်စရာစွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားတဲ့ အသင်းတစ်သင်းဖြစ်တယ်လို့ ယူဆရသော်လည်း ကလော့ပ်ကတော့ ကျေနပ်ဖွယ်မရှိပါဘူး။

ကလော့ပ်က “လူတိုင်းပါပါတယ်။ ကွင်းလယ်ဒိုင်၊ စည်းကြပ်ဒိုင်၊ စတုတ္ထဒိုင်နဲ့ VAR တာဝန်ရှိသူတွေက ရည်ရွယ်ချက်ချက်ရှိရှိ လုပ်ခဲ့ကြတာတော့မဟုတ်ပါဘူး။ ဒါက သိသာထင်ရှားတဲ့ အမှားတစ်ခုသာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဖြေရှင်းဖို့နည်းလမ်းတွေ ရှိလာမယ်လို့ ကျွန်တော်ထင်ပါတယ်။ လီဗာပူးနည်းပြတစ်ယောက်အနေနဲ့ မပြောသင့်ဘူးလို့ထင်ပေမယ့် ကျွန်တော်ကတော့ ဒီပွဲကိုပြန်ကစားချင်ပါတယ်။ ဒါက ဖြစ်မလာနိုင်ပေမယ့် ဒီလိုအငြင်းပွားမှုကို ဖြေရှင်းဖို့ လူတိုင်းက မေးခွန်းထုတ်လာကြပါလိမ့်မယ်။ အရင်တုန်းက မဖြစ်ခဲ့ဖူးတဲ့ အငြင်းပွားမှုတစ်ခုဖြစ်တာကြောင့် ပွဲကိုပြန်ကစားတာက မှန်ကန်တဲ့အရာတစ်ခုဖြစ်ပါလိမ့်မယ်”လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ၎င်းက “လက်ရှိအချိန်မှာတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အေးအေးဆေးဆေးဖြစ်သွားပါပြီ။ ခံစားနေရတာမျိုးမရှိတော့ပါဘူး။ ပွဲကလည်း ပြီးသွားပါပြီ။ ဒါပေမယ့် တကယ်ဖြစ်လာနိုင်တဲ့ရလဒ်က ဘာဖြစ်မလဲ။ ဒီလိုဖြစ်ရပ်မျိုးအနာဂတ်မှာ ထပ်ဖြစ်လာဦးမယ်ဆိုရင် ကျွန်တော့်အနေနဲ့ ပွဲကိုပြန်ကစားဖို့ပဲ ပြောမှာပါပဲ။ ဒါပေမယ့် ပြန်ကစားတာထက်ပိုကောင်းတာက ပြဿနာကို အဲဒီနေရာမှာပဲ အမှန်တိုင်းရှင်းလိုက်တာပါပဲ” လို့ပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။

#လီဗာပူး #တော့တင်ဟမ် #အာနိုးလ် #မက်ဒီဆင် #ပရီးမီးယားလိဂ်