ရှေ့သို့
Image

နည်းပြ ရူဒီဂါစီယာနဲ့ လမ်းခွဲဖို့ စဉ်းစားနေတဲ့ နာပိုလီ

10:43 AM, 10 October

နာပိုလီဥက္ကဋ္ဌဒီလော်ရန်တီစ်က အသင်းရဲ့ ဆိုးရွားလှတဲ့ ရာသီအဖွင့်ကာလတစ်ခုကို မြင်တွေ့ခဲ့ရပြီးနောက် နည်းပြ ရူဒီဂါစီယာရဲ့ အနာဂတ်နဲ့ပတ်သက်လို့ ပြန်လည်သုံးသပ်မှုပြုလုပ်နေတယ်လို့ အီတာလျံလူမျိုး နာမည်ကြီးသတင်းထောက် ဒီမာဇီယိုနဲ့ Sky Sports Italia သတင်းဌာနတို့က ဖော်ပြလာပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ နည်းပြစပယ်လက်တီလက်အောက် ဥရောပအကောင်းဆုံး အသင်းစာရင်းမှာ ပါဝင်ခဲ့တဲ့ နာပိုလီက လက်ရှိဘောလုံးရာသီမှာ ရှစ်ပွဲကစား၊ ရမှတ် ၁၄ မှတ်ဖြင့် စီးရီးအေ အမှတ်ပေးဇယား အဆင့်-၅ နေရာမှာ ရပ်တည်နေပါတယ်။ ဂါစီယာရဲ့အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ဘရာဂါကို အနိုင်ကစားပြီး ရီးရဲလ်မက်ဒရစ်ကို ကျဉ်းမြောင်းတဲ့ရလဒ်ပိုင်းဖြင့် အရေးနိမ့်ခဲ့ကာ ပုံစံကောင်းပြသထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြင်သစ်လူမျိုးနည်းပြဆီ ဖိအားတွေ အလျှင်အမြန်ပဲ ရောက်ရှိလာခဲ့ပါပြီ။

ဒီမာဇီယိုနဲ့ Sky Sports လုပ်ဖော်ကိုင်ဖက် အူဂိုလီနီတို့ရဲ့ အသေးစိတ်ဖော်ပြမှုတွေအရ အောက်တိုဘာ ၉ ရက်မှာ နာပိုလီဥက္ကဋ္ဌ ဒီလော်ရန်တီစ်က နည်းပြဂါစီယာအပါအဝင် အသင်းရဲ့ဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့ကာ အသင်းရဲ့အနာဂတ်နဲ့ ပတ်သက်လို့ စီမံကိန်းတွေအပေါ် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ နာပိုလီဥက္ကဋ္ဌက မကြာမီရက်ပိုင်းအတွင်း နည်းပြဂါစီယာကို ရာထူးမှထုတ်ပယ်သွားဖို့ အလေးအနက်စဉ်းစားနေပြီး အခုနိုင်ငံတကာသီတင်းပတ်အတွင်း သူ့ရဲ့နေရာမှာအစားထိုးဖို့ နောက်ထပ်နည်းပြသစ်တစ်ဦး ရှာဖွေသွားဖွယ် ရှိတယ်လို့ သိရပါတယ်။
#စီးရီးအေ #ဂါစီယာ #နာပိုလီ