ရှေ့သို့
Image

အသင်းသစ်မှာ ပုံစံကောင်းပြသနိုင်မှုရဲ့လျှို့ဝှက်ချက်ကို ထုတ်ပြောလာတဲ့ ရိုးမားဟီးရိုး လူကာကူ

2:51 PM, 9 October

ရိုးမားကစားသမားဘဝစတင်မှုမှာ ထိပ်တန်းပုံစံကောင်းပြသနေမှုအတွက် အကြောင်းပြချက်အဖြစ် နည်းပြမော်ရင်ဟိုနဲ့ သူ့အကြား ရင်းနှီးတဲ့ ဆက်ဆံရေးရဲ့အရေးပါမှုကို ရိုးမားဟီးရိုးသစ် လူကာကူက မီးမောင်းထိုးပြောဆိုလိုက်ပါတယ်။

ယမန်နေ့ညပိုင်း၊ တန်းတက် ကက်ဂလီယာရီကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ရိုးမားရဲ့အဝေးကွင်း ပွဲစဉ်မှာ အသက်-၃၀ အရွယ် တိုက်စစ်မှူးက သွင်းဂိုး နှစ်ဂိုး ရယူပေးခဲ့ပြီး အသင်းအတွက် သုံးပွဲဆက် နိုင်ပွဲကို ဖော်ဆောင်ပေးခဲ့သလို နည်းပြ မော်ရင်ဟိုအပေါ် ကျရောက်နေတဲ့ဖိအားတွေကိုလည်း အတန်အသင့်ဖယ်ရှားပေးခဲ့ပါတယ်။

အခုနွေရာသီ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ချဲလ်ဆီးမှ ရိုးမားဆီ ရောက်ရှိလာချိန်ကတည်းက လူကာကူဟာ အံ့မခန်းခြေစွမ်းပြသနေသူလည်း ဖြစ်ပါတယ်။ ရိုးမားကစားသမားဘ၀ အဖွင့်ပွဲစဉ်အဖြစ် အမ်ပိုလီကို ခုနစ်ဂိုးပြတ် အနိုင်ရရှိတဲ့ ပွဲစဉ်မှာ ပွဲဦးထွက်သွင်းဂိုး ရယူနိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူးက ရောမအခြေစိုက်ကလပ်အတွက် ပြိုင်ပွဲစုံ ခုနစ်ပွဲကစား၊ ခြောက်ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။

မော်ရင်ဟိုနဲ့ အတူ မန်ချက်စတာယူနိုက်တက်မှာ လက်တွဲခဲ့ဖူးတဲ့ လူကာကူက လက်ရှိအချိန်မှာလည်း ပေါ်တူဂီနည်းပြနဲ့အတူ ရောမမြေမှာ အကောင်းဆုံးခြေစွမ်းတွေ ထုတ်ပြနေပါတယ်။

ရိုးမားတိုက်စစ်မှူးက “ အသင်းအတွက် ကျွန်တော် ဘာတွေလုပ်ပေးနိုင်သလဲဆိုတာ ကွင်းထဲမှာ သက်သေပြပါမယ်။ ဒီနေ့မှာတော့ အရာရာတိုင်းက အခြေအနေကောင်းခဲ့ပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် လူကာကူက သူနဲ့ မော်ရင်ဟိုတို့အကြား ကာလရှည်ဖြစ်တည်ခဲ့တဲ့ ဆက်ဆံရေးအကြောင်းကိုလည်း ရှင်းပြခဲ့ပါတယ်။ “အတိတ်မှာ ပြောခဲ့ဖူးသလိုပါပဲ။ သူနဲ့ ကျွန်တော့်ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ရပ်ရှိပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ကလေးတွေကိုလည်း သူသိပါတယ်။ မော်ရင်ဟိုက ကျွန်တော် ယုံကြည်နိုင်တဲ့ လူတစ်ဦးဖြစ်သလို သူကိုယ်တိုင်ကလည်း ကျွန်တော့်အပေါ် ယုံကြည်ပါတယ်။ မော်ရင်ဟိုက စရိုက်ကြမ်းပါတယ်။ ဒါပေမယ့် ဒီလိုကြမ်းတမ်းမှုကပဲ ကျွန်တော့်ခြေစွမ်းတွေ တိုးတက်နိုင်စေတဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်”လို့ ရိုးမားကြယ်ပွင့်က ဆိုပါတယ်။

#စီးရီးအေ #ရိုးမား #လူကာကူ #မော်ရင်ဟို