ရှေ့သို့
Image

ခြေစွမ်းပိုင်းနဲ့ ပတ်သက်လို့ ဝေဖန်နေသူတွေကို သွင်းဂိုးတွေနဲ့ သက်သေပြချင်တယ်လို့ဆိုတဲ့ လူကာကူ

10:41 AM, 9 October

စီးရီးအေပွဲစဉ် (၈) အဖြစ် ကက်ဂလီယာရီ အသင်းနဲ့ ရိုးမားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်အတွင်း နည်းပြ မော်ရင်ဟိုရဲ့ ရိုးမားအသင်းက တိုက်စစ် အစွမ်းပြကာ ၁ဂိုး - ၄ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့ပြီး ရိုးမားအသင်း အတွက် သွင်းဂိုး ၂ဂိုး အထိသွင်းယူပေးနိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှုး လူကာကူ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်စကားဆိုလိုက်တာပဲ ဖြစ်ပါတယ်။

စီးရီးအေ ဘောလုံးရာသီအစမှာ ရလဒ်ပိုင်း ယိမ်းယိုင်နေတဲ့ ရိုးမားအသင်းက  ကက်ဂလီယာရီအသင်းနဲ့ ပွဲစဉ်တွင် အနိုင် ၃ မှတ်ရနိုင်ရေးအတွက် အဓိက ကစားသမား အများစုနဲ့အတူ ပွဲထွက်လာခဲ့ပြီး ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ ဟူးဆန်အာဟွာ၊ လူကာကူတို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်ခွင့်ရထားခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းအတွင်းမှာလည်း လူကာကူရဲ့ ဒုတိယမြောက်သွင်းဂိုးအပါအဝင် အခြားတိုက်စစ်ကစားသမား ဘာလော့တီရဲ့ သွင်းဂိုးတို့နဲ့အတူ ထပ်မံဦးဆောင်နိုင်ခဲ့ပြီး  ကက်ဂလီယာရီအသင်းရဲ့ ချေပဂိုးတစ်ဂိုးသာ ခွင့်ပြုခဲ့ရတာကြောင့် ပွဲပြီးချိန်မှာ ၁ဂိုး - ၄ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဝေဖန်မှုတွေအကြားမှ ရောမမြို့ကြီးကို ရောက်လာကာ ရိုးမားအသင်းနဲ့ အတူ သွင်းဂိုးတွေ ဆက်တိုက်ဖော်ဆောင်ထားနိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှုး လူကာကူအနေဖြင့် ကယ်ကလီယာရီအသင်းနဲ့ ပွဲစဉ်မှာလည်း သွင်းဂိုး  ၂ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြလိုက်နိုင်တာ ဖြစ်ပါတယ်။

နိုင်ငံတကာပွဲစဉ်တွေ ကစားမှာဖြစ်တာကြောင့် လကပ်အသင်းပွဲစဉ်တွေကို ခေတ္တရပ်ဆိုင်းထားမှာဖြစ်ပြီး အောက်တိုဘာလ ၂၂ ရက်နေ့တွင် လူကာကူရဲ့ ရိုးမားအသင်းက မွန်ဇာအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

ဝေဖန်မှုတွေရဲ့ အကြား သွင်းဂိုးတွေနဲ့ သက်သေပြချင်တဲ့ အကြောင်းနဲ့ ပတ်သက်လို့ လူကာကူက “ကျွန်တော်က ပရော်ဖက်ရှင်နယ်ဆန်ဆန်ပဲဗျာ။ နွေရာသီတစ်လျှောက်မှာလည်း ကြိုးစားလေ့ကျင့်ခဲ့တာပါ။ လူတွေက ကျွန်တော်အကြောင်းကို ပုံစံအမျိုးမျိုးနဲ့ ပြောဆိုနေကြပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဘက်အနေနဲ့ ကွင်းအတွင်းခြေစွမ်းပိုင်းနဲ့သာ ဝေဖန်မှုတွေကို တုံ့ပြန်သွားမှာပါ”လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#စီးရီးအေ #ရိုးမား #လူကာကူ #ကက်ဂလီယာရီ