ရှေ့သို့
Image

ဝက်စ်ဟမ်းနဲ့ ၂၀၃၀ အထိ စာချုပ်သက်တမ်းတိုးပြီး လီဗာပူးသို့ပြောင်းရွှေ့မယ်ဆိုတဲ့ ဖြစ်နိုင်ချေတွေကို အဆုံးသတ်လိုက်တဲ့ ဘိုဝမ်

9:29 AM, 9 October

ဝက်စ်ဟမ်းတောင်ပံကစားသမား ဘိုဝမ်က အသင်းနဲ့ ၂၀၃၀ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့တာကြောင့် လီဗာပူးသို့ ပြောင်းရွှေ့နိုင်ချေရှိတဲ့ အလားအလာတွေကို အဆုံးသတ်စေခဲ့ပြီဖြစ်ပါတယ်။

အသက်-၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တောင်ပံကစားသမားဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလကတည်းက ဝက်စ်ဟမ်းသို့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ယခုအခါ ၂၀၃၀ ခုနှစ်အထိ အသင်းမှာ ဆက်ရှိဖို့ စာချုပ်သစ်တစ်ရပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဘိုဝမ်ဟာ အသင်းသို့ ရောက်ရှိလာပြီးကတည်းက ဩဇာကြီးမားတဲ့ ကစားသမားတစ်ဦးအဖြစ် ရပ်တည်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီ ယူရိုပါကွန်းဖရန့်လိဂ် ဗိုလ်လုပွဲအဖြစ် ဖီအိုရင်တီးနားကို ၂-၁နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဝက်စ်ဟမ်းအတွက် အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ဘိုဝမ်ကို ခေါ်ယူဖို့ အချိန်ကြာမြင့်စွာ ပစ်မှတ်ထားခဲ့တဲ့အပြင် ပြီးခဲတဲ့နွေရာသီ အပြောင်းအရွှေ့ကာလမှာ ခေါ်ယူနိုင်ဖို့ ချိတ်ဆက်မှုတွေပြုလုပ်ခဲ့တယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ဖူးပါတယ်။ သို့သော်လည်း ယခုအခါ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ကွန်းဖရန့်လိဂ်ချန်ပီယံနဲ့ စာချုပ်သက်တမ်း တိုးလိုက်တာကြောင့် လီဗာပူးသို့ရောက်ရှိမယ့်အလားအလာဟာ အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။

ဝက်စ်ဟမ်းနဲ့သက်တမ်းတိုးမယ့်စာချုပ်သစ်မှာ လက်မှတ်ရေးထိုးပြီးနောက် Whufc.com သို့ ဘိုဝမ်က “ဝက်စ်ဟမ်းနဲ့ ကာလရှည်စာချုပ်သက်တမ်းတိုးမြှင့်နိုင်ခဲ့လို့ အရမ်းပျော်ပါတယ်။ ဒီကလပ်က ကျွန်တော့်အတွက် ဘယ်လောက်ထိ အရေးပါလဲဆိုတာ လူတိုင်းသိပါတယ်။ ဒါကြောင့် အခုလို ၂၀၃၀ ခုနှစ်အထိ ဆက်ရှိဖို့ လက်မှတ်ထိုးရတာက ကျွန်တော့်အတွက်ရော ကျွန်တော့်မိသားစုအတွက်ပါ အများကြီး အဓိပ္ပါယ်ရှိပါတယ်။ ဒီမှာရှိနေရတဲ့ အချိန်တိုင်းကို ကျွန်တော်တန်ဖိုးထားပါတယ်။ အသင်းနဲ့အတူ ယူရိုပါကွန်းဖရန့်လိဂ်ဖလားဆွတ်ခူးခဲ့ရတာက မမေ့နိုင်တဲ့ အခိုက်အတန့်တစ်ခုပါပဲ။ နောက်ဆုံးမိနစ်မှာ  အနိုင်ဂိုးသွင်းပြီး အသင်းကို ချန်ပီယံဖြစ်စေခဲ့တာက ကျွန်တော့်အတွက် ထာဝရမြတ်နိုးနေရမယ့် စွမ်းဆောင်ချက်တစ်ခုပါ။ ဒီလိုခံစားချက်မျိုးကို ကျွန်တော်တို့တစ်သင်းလုံး ထပ်ကာထပ်ကာလိုချင်ပါတယ်။ ကျွန်တော်တို့ရဲ့ပရိသတ်တွေနဲ့ အသင်းအတွက် အမှတ်ရစရာတွေအများကြီး ဖန်တီးချင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဒေးဗစ်မိုယက်စ်ရဲ့ အသင်းဟာ နိုင်ငံတကာပွဲစဉ်များအပြီးမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
#လီဗာပူး #ဝက်စ်ဟမ်း #အပြောင်းအရွှေ့ #ဘိုဝမ်