ရှေ့သို့
Image

ဒိုက်ဗင်ပစ်လို့ ထုတ်ပယ်ခံရတဲ့ ဘစ်ဆူးမားအပေါ် ကာကွယ်ပြောဆိုလိုက်တဲ့ ပိုစတီကိုဂလူ

11:26 AM, 8 October

ယမန်နေ့ညနေပိုင်း၊ လူတန်တောင်းကို အနိုင်ရရှိခဲ့တဲ့ အဝေးကွင်းပွဲစဉ်အတွင်း ဒိုက်ဗင်ပစ်တယ်ဆိုတဲ့ စွဲချက်ဖြင့် ထုတ်ပယ်ခံရတဲ့ ကွင်းလယ်လူဘစ်ဆူးမားအပေါ် တော့တင်ဟမ်နည်းပြပိုစတီကိုဂလူက ကာကွယ်ပြောဆိုလိုက်ပါတယ်။ အခုပွဲစဉ်ကို တော့တင်ဟမ်က ပုံစံကောင်းဖြင့် စတင်နိုင်ခဲ့ပေမယ့် ပထမပိုင်းပွဲချိန်နာကျင်အချိန်ပိုမှာ ဒိုက်ဗင်ပစ်တယ်ဆိုတဲ့စွဲချက်ဖြင့် ဘစ်ဆူးမားကို ကွင်းလယ်ဒိုင်က နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခဲ့ပါတယ်။


ဒါကြောင့် ဒုတိယပိုင်းပွဲချိန်တွေမှာ တော့တင်ဟမ်တို့ ကစားသမားတစ်ဦးလျော့ဖြင့် ကစားခဲ့ရပေမယ့် ဗန်ဒီဗန်ရဲ့ မြောက်လန်ဒန်ကလပ်ကစားသမားဘ၀ ပထမဆုံးသွင်းဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။ အိမ်ရှင်လူတန်တောင်းကလည်း အပြောင်းအလဲတွေ အများအပြားပြုလုပ်ကာ ချေပဂိုးရရှိဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ လက်ရှိမှာ ဘစ်ဆူးမားဟာ နိုင်ငံတကာသီတင်းပတ်အပြီး ဖူလ်ဟမ်ကို အိမ်ကွင်းမှာရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ရဖို့ရှိလာပေမယ့် နည်းပြပိုစတီကိုဂလူကတော့ ကစားသမားတစ်ဦး ထုတ်ပယ်ခံရချိန် တုံ့ပြန်ပုံနဲ့ပတ်သက်လို့ တော့တင်ဟမ်ကစားသမားတွေကို ချီးကျူးပြောဆိုခဲ့ပါတယ်။


ပွဲစဉ်အပြီး ဘစ်ဆူးမားရဲ့နှစ်ဝါတစ်နီပြစ်ဒဏ်နဲ့ပတ်သက်လို့ မေးမြန်းရာမှာ ပိုစတီကိုဂလူက “ ဒိုင်လူကြီးက သူ ဟန်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။ ဘစ်ဆူးမားက အမှားတစ်ခု လုပ်ဆောင်ခဲ့တာပါ။ ဒီနှစ်မှာ ဘစ်ဆူးမားက ကျွန်တော်တို့အတွက် အရမ်းကိုတောက်ပပေးခဲ့ပါတယ်။ သူ အမှားတစ်ခု လုပ်ခဲ့မိပြီး ကောင်းတဲ့အချက်ကတော့ ဒီအရာကို သူဘယ်လိုတုံ့ပြန်မလဲဆိုတာပါပဲ။"


"သူ့ရဲ့အသင်းဖော်တွေကတော့ ဒီအမှားရဲ့အကျိုးဆက်ကို မခံစားရလေအောင် ကူညီပေးခဲ့ပါတယ်။ သူ အသင်းဆီ ပြန်လာချိန်မှာလည်း ဒီအရာအတွက် အကောင်းဆုံးပုံစံနဲ့ တုံ့ပြန်ပေးလိမ့်မယ်ဆိုတာ ကျွန်တော် အာမခံပါတယ်။ ဒါမျိုးတွေက ဘောလုံးမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ စိတ်ပျက်စရာပါပဲ။"


"ကျွန်တော်ကတော့ ဒီလိုအရာတွေအပေါ် ဘယ်လိုတုံ့ပြန်မလဲဆိုတာပဲ အမြဲတမ်းကြည့်ရှုလေ့ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာတွေလုပ်ရမလဲ? ကျွန်တော်တို့အသင်းရဲ့ တုံ့ပြန်ပုံကတော့ တကယ့်ကိုကောင်းမွန်လွန်းတယ်လို့ တွေးမိခဲ့ပါတယ်”လို့ ပြောပါတယ်။

#တော့တင်ဟမ် #ဘစ်ဆူးမား #ပရီးမီးယားလိဂ် #ပိုစတီကိုဂလူ