ရှေ့သို့
Image

ဒီကလန်ရိုက်စ်ကိုသာ အာဆင်နယ်လိုမျိုး ပေါင်၁၀၅သန်းပေးပြီး ခေါ်လိုက်ရင် မန်စီးတီးအသင်း ပက်ပက်စက်စက်ဝေဖန်ခံရနိုင်ကြောင်း ပြောလာတဲ့ ဂွါဒီယိုလာ

10:01 AM, 8 October

ပက်ဂွါဒီယိုလာက မန်စီးတီးအသင်းသာ ပြီးခဲ့တဲ့နွေရာသီက ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ပေါင်၁၀၅သန်းပေးပြီးခေါ်လိုက်ရင် ပယ်ပယ်နယ်နယ် ဝေဖန်ခံရနိုင်ကြောင်း ပြောလာခဲ့ပါတယ်။ စပိန်နိုင်ငံသားနည်းပြဟာ ရိုက်စ်ကို နှစ်နှစ်ကြာ ပစ်မှတ်ထားခဲ့ပေမယ့် နွေရာသီအတွင်း အာဆင်နယ်နည်းပြ အာတီတာက ငွေပုံပေးကာ ခေါ်ယူသားခဲ့ပါတယ်။


ဂွါဒီယိုလာက ရိုက်စ်ကိုသာ ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ရိုဒရီမရှိတဲ့ ကွင်းလယ်မှာ ပိုပြီးတော့ အသုံးဝင်လိမ့်မယ်လို့တောင် နောက်ပြောင်သွားခဲ့ပါတယ်။ ဂွါဒီယိုလာက "ကျွန်တော်တို့ ဒီကလန်ရိုက်စ်ကို လိုချင်ခဲ့တယ်ဆိုတာ အားလုံးသိပါတယ်။ ရိုဒရီ မကစားနိုင်တဲ့အချိန် သူ့ကို ကစားနိုင်ပေမယ့် အာဆင်နယ်က သူ့ကို ပိုအလိုရှိခဲ့ပြီး ပိုပြီးတွန်းအားပေးခေါ်ယူသွားပါတယ်။ "


"ကျွန်တော်တို့ အဲ့ဒီတုန်းက အာဆင်နယ်ပေးတဲ့ ပြောင်းရွှေ့ကြေးမျိုး လိုက်မပေးနိုင်ခဲ့ပါဘူး။ ပြောင်းရွှေ့ကြေးသာ လျော့နည်းခဲ့ရင်တော့ ခေါ်ယူနိုင်ပါလိမ့်မယ်။ ပုံမှန်အားဖြင့် မန်စီးတီးသာ အဲ့ဒီပြောင်းရွှေ့ကြေးမျိုးသုံးခဲ့ရင် ရူးသွပ်စရာငွေကြေးပမာဏအဖြစ် ဝေဖန်ကြပါလိမ့်မယ်။ အခြားအသင်းတွေသုံးရင်တော့ သူတို့ တော်လိုက်တာဆိုပြီး ချီးကျူးကြပါတယ်။"


"အာဆင်နယ်က ရိုက်စ်ကို ဝယ်ကိုဝယ်ရမယ်ဆိုပြီး ယုံကြည်ခဲ့တာပါ။ အဲ့ဒါကလည်း အဆင်ပြေပါတယ်။ သူက ပြောင်မြောက်တဲ့ ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးပါ။"လို့ ပြောခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ သူတို့နောက်ဆုံးလိုအပ်နေတဲ့ ကွင်းလယ်နေရာအတွက် ရိုက်စ်ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားခဲ့ပါတယ်။


အာတီတာရဲ့ ရည်မှန်းချက်ထားပုံနဲ့ ပတ်သက်ပြီး ဂွါဒီယိုလာက"သူက ဘုတ်အဖွဲ့နဲ့ပတ်သက်ပြီး တောင်းဆိုမှုများသူတစ်ဦးပါ။ ငါ့ကို ငွေသုံးပေးဦးဆိုပြီး ပြောပါလိမ့်မယ်။ သူ့မှာ အဲ့ဒီအရည်အချင်းရှိပါတယ်။ သူက အားလုံးကို တွန်းအားပေးနိုင်ပါတယ်။"လို့ ဆိုခဲ့ပါတယ်။

#မန်စီးတီး #အာဆင်နယ် #ဂွါဒီယိုလာ #ပရီးမီးယားလိဂ် ဒီကလန်ရိုက်စ်