ရှေ့သို့
Image

အေစီမီလန်အတွက် ဂိုးဝင်ဖမ်းပေးပြီး အလွန်အရေးပါတဲ့ ကာကွယ်မှုပြုလုပ်နိုင်ခဲ့တဲ့ ဂျီရော့ဒ်

9:54 AM, 8 October

အေစီမီလန်တိုက်စစ်မှူး အိုလီဗာဂျီရော့ဒ်ဟာ ယမန်နေ့ည ဂျီနိုအာနဲ့ပွဲစဉ်မှာ ဂိုးသမား မိုင်ဂ်နန် အနီကတ်ပြထုတ်ခံရပြီးနောက် ဂိုးဝင်ဖမ်းခဲ့ကာ အသင်းနိုင်ပွဲအတွက် အရေးပါတဲ့ ကာကွယ်မှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ပွဲချိန် ၉၇မိနစ်မှာ ဂျီနိုအာကစားသမား အီကူဘန်ကို မိုင်ဂ်နန် ကစားပုံကြမ်းခဲ့တာကြောင့် အနီကတ်ပြထုတ်ပယ်ခံလိုက်ရပြီး လူစားလဲမှု၅ကြိမ်လည်း ပြည့်မြောက်သွားတာကြောင့် ဂျီရော့ဒ်က ဂိုးသမားဝတ်စုံကို ဝတ်ကာ ဂိုးဖမ်းခဲ့ရပါတယ်။

၆မိနစ်အကြာမှာတော့ ဂျီနိုအာဂိုးသမား မာတီနက်ဇ်ဟာ ချေပဂိုးရဖို့ ကြိုးစားစဉ် အေစီမီလန်နောက်ခံလူ တိုမိုရီကို ကစားပုံကြမ်းခဲ့တာကြောင့် အနီကတ်ပြထုတ်ပယ်ခံလိုက်ရပြန်ပါတယ်။

ဂျီနိုအာအတွက် ချေပဂိုးရစေမယ့် ပတ်စ်ကတ်စ်ရဲ့ ကန်ချက်ကို ဂိုးသမားအဖြစ် တာဝန်ယူနေရတဲ့ ဂျီရော့ဒ်က ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာတော့ ချဲလ်ဆီးတောင်ပံကစားသမားဟောင်း ပူလီဆစ်က အေစီမီလန်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် အေစီမီလန်အသင်းဟာ စီးရီးအေဇယားထိပ်ကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။

နိုင်ငံတကာအားလပ်ရက်တွေအပြီးမှာတော့ အေစီမီလန်အသင်းဟာ အောက်တိုဘာ၂၂ရက်နေ့မှာ ဂျူဗင်တပ်စ်နဲ့ ဆက်လက်ရင်ဆိုင်ဖို့ ရှိနေပါတယ်။

#စီးရီးအေ #အေစီမီလန် #ဂျီရော့ဒ် #မိုင်ဂ်နန်