ရှေ့သို့
Image

အက်စတွန်ဗီလာနဲ့ ငါးနှစ်သက်တမ်းရှိစာချုပ် ထပ်မံချုပ်ဆိုခဲ့တဲ့ တိုက်စစ်မှူးဝက်ကင်စ်

6:27 PM, 7 October

အက်စတွန်ဗီလာတိုက်စစ်မှူးအိုလီဝက်ကင်စ်က အသင်းနဲ့ ငါးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ထပ်မံချုပ်ဆိုခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ ဘရန့်ဖို့ဒ်မှ အက်စတွန်ဗီလာဆီ ရောက်ရှိလာတဲ့ အသက်-၂၇ နှစ်အရွယ်တိုက်စစ်မှူးက ပြီးခဲ့တဲ့ကြာသပတေးနေ့မှာပဲ အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်ခွင့်ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အသင်းအတွက် လိဂ်သွင်းဂိုး ၁၅ ဂိုးသွင်းယူပြီး အက်စတွန်ဗီလာကို ဥရောပပြိုင်ပွဲဝင်ခွင့်တစ်နေရာ ရရှိအောင် ကူညီပေးခဲ့တဲ့ ဝက်ကင်စ်က ဗီလာကစားသမားဘဝသုံးရာသီမှာ တစ်ရာသီသွင်းဂိုးပမာဏ ဆယ်ဂိုးထက်မနည်းရရှိအောင် စွမ်းဆောင်ထားနိုင်ပါတယ်။

“ဒီနေရာဟာ ကျွန်တော့်အတွက် ဘောလုံးကစားဖု့ိ အကောင်းဆုံးနေရာတစ်ခုအဖြစ် ခံစားမိနေပါတယ်။ ဒီအသင်းနဲ့အတူ အောင်မြင်မှုတွေ အများကြီး ရယူချင်ပါသေးတယ်”လို့ ဝက်ကင်စ်က ပြောပါတယ်။

Exeter City အကယ်ဒမီထွက်ကြယ်ပွင့်တိုက်စစ်မှူးဟာ သူ့ရဲ့ကစားသမားဘဝကာလအများစုကို non-league ပြိုင်ပွဲတွေမှာသာ ဖြတ်သန်းခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ဘရန့်ဖို့ဒ်ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

ဘရန့်ဖို့ဒ်နဲ့အတူ သုံးရာသီကြာဖြတ်သန်းခဲ့ပြီးနောက် အက်စတွန်ဗီလာက သူ့ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၈ သန်းဖြင့် ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်၊ ဘရိုက်တန်ကို ၆-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူပြီးနောက် ဝက်ကင်စ်ရဲ့ ဗီလာကစားသမားဘဝသွင်းဂိုးမှတ်တမ်းဟာ ဂိုး ၅၀ ပြည့်မြောက်သွားခဲ့ပါပြီ။

ဒီလိုစွမ်းဆောင်ရည်တွေကြောင့်ပဲ ၂၀၂၂ ခုနှစ်၊ မတ်လနောက်ပိုင်း ဆောက်ဂတ်ရဲ့အသင်းမှာ ပြန်လည်ပါဝင်နိုင်မယ့်အခွင့်အရေးကို ဝက်ကင်စ်ရရှိခဲ့တာပါ။

အက်စတွန်ဗီလာအသင်းဝက်ဘ်ဆိုဒ်နဲ့ တွေ့ဆုံချိန် ဝက်ကင်စ်က “ကျွန်တော့်အတွက်တော့ သေချာပေါက် အမှတ်တရဖြစ်စေမယ့် သီတင်းပတ်တစ်ခုပါ။ ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်တော့ဘူး။

ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ဝန်းကျင်မှာ မိတ်ဆွေကောင်းတွေရှိသလို ကလပ်အသင်းမှာလည်း လူကောင်းသူကောင်းတွေ အများကြီးရှိပါတယ်။ ကျွန်တော့်ရဲ့ခရီးလမ်းမှာ ဒီလိုလူကောင်းသူကောင်းတွေနဲ့ ဆုံတွေ့ခွင့်ရရှိခဲ့လို့ အရမ်းပျော်ရွှင်မိပါတယ်”လို့ ဆိုပါတယ်။

#အက်စတွန်ဗီလာ #ဝက်ကင်းစ်