ရှေ့သို့
Image

ရီဂူလွန် မပါဝင်နိုင်တာကြောင့် ဘယ်နောက်ခံနေရာမှာပဲ ဆက်ကစားရဖွယ်ရှိနေတဲ့ အမ်မရာဘတ်

2:48 PM, 7 October

မန်ချက်စတာယူနိုက်တက်ရဲ့ လက်ရှိဘယ်‌နောက်ခံလူ ဆာဂျီယိုရီဂူလွန်က ဒဏ်ရာပြဿနာကြုံတွေ့နေရတာကြောင့် လစ်လပ်နေတဲ့ ၎င်းရဲ့နေရာမှာ ကွင်းလယ်လူ အမ်မရာဘတ်က ဆက်လက်ကစားရဖွယ်ရှိနေပါတယ်။

ရီဂူလွန်ဟာ ယမန်နေ့က အသင်းနဲ့အတူ လေ့ကျင့်ရေးဆင်းခဲ့ပေမယ့် တံကောက်ကြောဒဏ်ရာက ပွဲကစားဖို့အဆင့်သင့်မ‌ဖြစ်သေးတာကြောင့် ယနေ့မှာကစားမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်အတွက် ပါဝင်နိုင်မှာ မဟုတ်သေးဘူးလို့တန်ဟက်ကအတည်ပြုခဲ့တာဖြစ်ပါတယ်။ လက်ရှိယူနိုက်တက်တဲ့ ဒဏ်ရာရလူစာရင်းမှာ ဘယ်နောက်ခံလူတွေဖြစ်ကြတဲ့ လုခ်ရှောနဲ့ မာလာစီယာတို့က ဒဏ်ရာအသီးသီးနဲ့ ကာလရှည်အနားယူနေရတာကြောင့် အပြောင်းအရွှေ့ကာလ နောက်ဆုံးရက်မှာ တော့တင်ဟမ်မှ ရီဂူလွန်ကို အငှားနဲ့ အရေးပေါ်ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။ ယခုအခါ ရီဂူလွန်ကပါ ဒဏ်ရာပြဿနာကြုံတွေ့နေရတာကြောင့် ကွင်းလယ်လူအမ်မရာဘတ်က ၎င်းရဲ့နေရာမှာ အစားထိုးဝင်ရောက်ကစားနေရတာဖြစ်ပါတယ်။

သို့သော် ရည်းစားဟောင်းကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ စွပ်စွဲခံထားရတဲ့ တောင်ပံကစားသမား အန်တိုနီကတော့ မကြာသေးမီကပဲအသင်းနဲ့ပြန်လည်ပူးပေါင်းနိုင်ခဲ့ပြီး ယခုအခါ ပွဲထွက်ဖို့အဆင်သင့်ဖြစ်နေပြီလို့ အဲရစ်တန်ဟက်က အတည်ပြုခဲ့ပါတယ်။

ဘရန့်ဖို့ဒ်နဲ့ ယှဉ်ပြိုင််မယ့် အိမ်ကွင်းပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ တန်ဟက်က "ဘရန့်ဖို့ဒ်နဲ့ပွဲမှာတော့ ရီဂူလွန်ပါဝင်နိုင်မှာမဟုတ်ပါဘူး။ အန်တိုနီကတော့ ပြန်ကစားဖို့အဆင်သင့်ဖြစ်နေပြီလို့ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး တန်ဟက်က ယူနိုက်တက်ရဲ့ ၁၉၈၉-၉၀ ခုနှစ်နောက်ပိုင်း ပထမဆုံးပြန်လည်ကြုံတွေ့ခဲ့ရတဲ့ အဆိုးဝါးဆုံးရာသီအစအခြေအနေ‌ကြောင့် အသင်းကို ပြောင်းလဲမှုတွေပြုလုပ်ဖို့လိုအပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ နယ်သာလန်သားက "ကျွန်တော်တို့ ပွဲတိုင်းလိုလို အသင်းရဲ့ပုံစံကို ‌အပြောင်းအလဲတွေပြုလုပ်ခဲ့ရပါတယ်။ အသင်းတစ်ခုအနေနဲ့ အမှားအယွင်းပြုလုပ်မိပြီဆိုရင် ပြိုင်ဘက်အသင်းက အခွင့်အရေးယူသွားမှာပါပဲ။ ဒါကြောင့် ကျွန်‌တော်တို့ဟာ ပုံစံတစ်ခုတည်းကိုထိန်းသိမ်းထားနိုင်ဖို့လိုပါတယ်။ အဲဒီလို အခိုက်အတန့်တွေမှာ ကျွန်တော်တို့အနေနဲ့ ချိတ်ဆက်မှုကောင်းကောင်းနဲ့ ဖွဲ့စည်းနိုင်ရပါမယ်" လို့ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ပွဲစဉ် ၂ ပွဲစလုံး ရှုံးနိမ့်ထားတဲ့အပြင် ပရီးမီးယားလိဂ် ၇ ပွဲမှာလည်း ၄ ပွဲအထိရှုံးနိမ့်ထားတာကြောင့် ယနေ့မှာကစားမယ့် ဘရန့်ဖို့ဒ်နဲ့ပွဲမှာ အသည်းအသန်အနိုင်ရရှိဖို့လိုအပ်နေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရီဂူလွန် #အဲရစ်တန်ဟက် #ပရီးမီးယားလိဂ် အမ်မရာဘတ်