ရှေ့သို့
Image

အာဆင်နယ်ကို ရိုဒရီမပါဘဲ အနိုင်ရအောင် ကစားပြမယ်ဆိုပြီး ကြုံးဝါးလိုက်တဲ့ ဂွါဒီယိုလာ

11:04 AM, 7 October

မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက အာဆင်နယ်နဲ့ပွဲစဉ်မှာ ပွဲပယ်ပြစ်ဒဏ်ကျခံနေရတဲ့ ကွင်းလယ်လူ ရိုဒရီမပါဘဲ ကွင်းလယ်နေရာအတွက် အဖြေရှာပြီး အနိုင်ရအောင် ကြိုးစားသွားမယ်လို့ ကြုံးဝါးခဲ့ပါတယ်။ ယခုနှစ်တွေ အတွင်း ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ရိုဒရီဟာ မနက်ဖြန်ည အရေးပါတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်သွားဖို့ရှိနေပါတယ်။

ဂန်းနားတွေဟာ ယမန်နှစ်ရာသီက မန်စီးတီးကို နှစ်ပွဲဆက်ရှုံးကာ ပရီးမီးယားလိဂ်ဖလား လက်လွှတ်ခဲ့ရပြီးနောက် ယခုနှစ်ရာသီမှာ လက်စားပြန်ချေဖို့ ကြိုးစားလာမှာ သေချာပါတယ်။ နှစ်သင်းကြား ရမှတ်ကွာဟမှုကလည်း တစ်မှတ်သာရှိတာကြောင့် နိုင်ပွဲရတဲ့အသင်းက အမှတ်ပေးဇယားကို ဦးဆောင်သွားနိုင်ဖို့များပါတယ်။

ဒီဘရိုင်းလည်း မပါဝင်နိုင်တဲ့ ကွင်းလယ်နေရာကို အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ အသုံးချသွားနိုင်ကြောင်း ဝေဖန်သုံးသပ်သူတွေက ဆိုထားပါတယ်။ ဒါပေမယ့် ဂွါဒီယိုလာက "ဘယ်လိုဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့။ ရိုဒရီက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ခံစစ်ကစားသမား ၃ယောက်လောက်ထဲမှာ ပါဝင်တာကြောင့် သူ့ရဲ့အသင်းအပေါ် သက်ရောက်မှုက ကြီးမားပါတယ်။ ဒါပေမယ့် အခုတော့ သူမပါတော့ပါဘူး။ ကျွန်တော်တို့ အရင်ကလည်း ဒီလိုအခြေအနေမျိုး ကြုံဖူးတာကြောင့် ဒီလိုအနေအထားမျိုးနဲ့ ကျင့်သားရနေရပါမယ်။ နည်းစနစ်ပိုင်းထက်စာရင် အသင်းရဲ့စိတ်ဓာတ်ပိုင်းက အများကြီးပိုအရေးကြီးပါတယ်။ ကစားသမားတစ်ယောက်က အမှားလုပ်လိုက်ရင် အသင်းဖော်က ဝင်ကူညီပေးရပါမယ်။ ကစားသမားတွေကြား ဆက်ဆံရေးက အလွန်အရေးကြီးပြီး ရိုဒရီမပါနိုင်ရင်လည်း ကျွန်တော်တို့ သေချာဖြေရှင်းဖို့ လိုအပ်ပါတယ်။ ရိုဒရီ မပါလို့ဆိုပြီး ကျွန်တော်တို့ ငိုနေ၊ စောဒကတက်နေလို့ မရပါဘူး။ ကျွန်တော်တို့ ဒီအတွက် အဖြေရှာပြီး ကစားသမားတွေကလည်း လန်ဒန်မှာ အနိုင်ရဖို့ ကြိုးစားသွားမှာပါ။ ရိုဒရီမပါတဲ့အတွက် ကျွန်တော်တို့ အဖြေရှာသွားရပါမယ်။ သူမပါတဲ့အတွက် အဲ့ဒီအကြောင်း ကျွန်တော် မစဉ်းစားတော့ပါဘူ။ သူ အခု အားလပ်ရက်ယူထားပြီး ဘရိုက်တန်နဲ့ ပွဲစဉ်ကျရင် ပြန်လာမှာပါ"လို့ ပြောခဲ့ပါတယ်။

#မန်စီးတီး #ရိုဒရီ #အာဆင်နယ် #ဂွါဒီယိုလာ #ပရီးမီးယားလိဂ်