ရှေ့သို့
Image

VAR နဲ့ ပတ်သက်ပြီး ကစားသမားတွေ အနေနဲ့ လုပ်နိုင်တာ ဘာမှမရှိဘူးလို့ ပြောကြားလာခဲ့တဲ့ အာနိုးလ်

3:24 PM, 5 October

လီဗာပူးအသင်း နောက်ခံလူ အလက်ဇန္ဒားအာနိုးလ်က ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ တော့တင်ဟမ်ကို ၂-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်က အလွန်စိတ်ပျက်စရာကောင်းသော်လည်း VAR ဆုံးဖြတ်ချက်အပေါ် ၎င်းတို့လုပ်နိုင်တာဘာမှ မရှိကြောင်းနဲ့ အခုချိန်မှာတော့ အနာဂတ်အတွက်ပဲ အာရုံစိုက်နေတယ်လို့ပြောကြားလာခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်အပြီးမှာ PGMOLက လီဗာပူးတောင်ပံကစားသမား လူးဝစ် ဒီယက်ဇ်ရဲ့ သွင်းဂိုးကို VAR နဲ့စစ်ဆေးပြီး မှားယွင်းစွာ ပယ်ဖျက်ခဲ့မိခဲ့တာက သိသာထင်ရှားတဲ့ လူသားအမှားဖြစ်တယ်လို့ ဝန်ခံခဲ့သော်လည်း ဘောလုံးလောကမှာတော့ ကျယ်ကျယ်ပြန့်ပြန့်အငြင်းပွားမှုတွေပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။  အဆိုပါ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အာနိုးလ်က ဒိုင်လူကြီးအဖွဲ့ကို မယုံကြည်နိုင်စရာအကြောင်းမရှိဘူးလို့ ငြင်းဆိုခဲ့ပေမယ့် ရလဒ်ကိုတော့ စိတ်ပျက်မိတယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

 အင်္ဂလန်သားက “ကျွန်တော်တို့ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စကားတွေအများကြီး ပြောခဲ့ပြီးပါပြီ။ အခုကတော့ မနက်ဖြန်ပွဲအတွက်ပဲ အာရုံစိုက်ထားပါတယ်။ ဒိုင်လူကြီးတွေကို မယုံဘူးလို့ မပြောပါဘူး။ ဆုံးဖြတ်ချက်က ဆုံးဖြတ်ချက်ပါပဲ။ တစ်ခါတလေမှာ ကျွန်တော်တို့ သဘောအတိုင်းဖြစ်ပေမယ့် တစ်ခါတလေမှာ ကျွန်တော်တို့ကို ဆန့်ကျင်ပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်က ကျွန်တော်တို့ ကစားသမားတွေ အတွက်ရော အသင်းတစ်လုံးအတွက်ပါ စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။ အခုပွဲပြီးသွားပြီဆိုတော့ ကျွန်တော်တို့လုပ်နိုင်တာ ဘာမှမရှိတော့ပါဘူး။ ဒါပေမယ့် VARက ကျွန်တော်တို့လို ကစားသမားတွေ ထိန်းချုပ်လို့မရတဲ့ စနစ်တစ်ခုပါ။ ဒိုင်လူကြီးတွေနဲ့ VAR ကိုအသုံးပြုတဲ့ တာဝန်ရှိသူတွေကို ယုံကြည်ပြီး ဆုံးဖြတ်ချက်တွေမှန်ကန်ဖို့မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး နောက်ထပ်ပွဲစဉ်တွေ အတွက် ပြင်ဆင်နေချိန်မှာ ယခုလို အငြင်းပွားမှုတွေက လီဗာပူးအတွက် ထပ်လောင်းလှုံ့ဆော်မှုတွေဖြစ်စေလားလို့ မေးမြန်းခဲ့ရာ အသက်-၂၄ နှစ်အရွယ် နောက်ခံလူက “အငြင်းပွားမှုတွေနဲ့ အမှန်တကယ်ဖြစ်ပျက်ခဲ့တာတွေကို ဘေးဖယ်ထားလိုက်မယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အဲဒီပွဲကို ရှုံးနိမ့်သွားတာပါပဲ။ အခုချိန်မှာ ကျွန်တော်တို့အတွက်လှုံ့ဆော်မှုက နိုင်ငံတကာပွဲတွေမတိုင်ခင် ကြားထဲက ၂ ပွဲကို အနိုင်ရရှိဖို့လိုအပ်တယ်ဆိုတဲ့ ခံစားချက်ပါပဲ” လို့ပြောကြားခဲ့ပါတယ်။

#လီဗာပူး #တော့တင်ဟမ် #အာနိုးလ် #ပရီးမီးယားလိဂ်