ရှေ့သို့
Image

အုပ်စုပွဲစဉ်တွေမှာ ရာနှုန်းပြည့်နိုင်ပွဲ ဆက်ခဲ့ပေမဲ့ လီဝန်ဒေါစကီးဒဏ်ရာ ရခဲ့တာကြောင့် ထိုးနှက်ချက်တစ်ရပ်ဖြစ်လာဖွယ်ရှိနေတဲ့ ဘာစီလိုနာ

1:12 PM, 5 October

ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ် (၂) အဖြစ် ပေါ်တိုအသင်းနဲ့ ဘာစီလိုနာ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်အတွင်း အုပ်စုအဖွင့်ပွဲစဉ်တွင် အန့်တ်ဝက်ပ် အသင်းကို ၅ဂိုး အသာဖြင့် နိုင်ပွဲရထားတဲ့ နည်းပြ ဇာဗီရဲ့ ဘာစီလိုနာအသင်းက ၀ဂိုး - ၁ဂိုး ရလဒ်ဖြင့် ထပ်မံနိုင်ပွဲဖော်ဆောင်နိုင်ခဲ့ပေမဲ့ အဓိက တိုက်စစ်ကစားသမား လီဝန်ဒေါစကီး ဒဏ်ရာရခဲ့တာကြောင့် တိုက်စစ်ပိုင်းအတွက် ခက်ခဲလာနိုင်တာပဲ ဖြစ်ပါတယ်။

အုပ်စုတွင်း အမှတ်ပေးဇယားကို ဦးဆောင်ခွင့်ရရေးအတွက် ရေပန်းစားနေတဲ့ ဘာစီလိုနာအသင်းက နိုင်ပွဲရရေး သေချာပြင်ဆင်လာခဲ့ပေမဲ့ ပေါ်တိုအသင်းရဲ့ ကစားအားကောင်းမွန်မှုကြောင့် သွင်းဂိုးတွေ ဖော်ဆောင်နိုင်ရန် ရုန်းကန်ခဲ့ရပြီး ပထမပိုင်း ပွဲကစားချိန်ပြီးလုနီး အချိန်ပို မိနစ်အတွင်းမှာ ဖာရန်တောရက်စ် သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုးဖြင့်သာ အနိုင်ရခဲ့သလို မိနစ် ၉၀ ကျော်ချိန်တွင် ကွင်းလယ်ကစားသမား ဂါဗီပါ အနီကဒ်ပြသခံလိုက်ရတာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက ၀ဂိုး - ၁ဂိုး ရလဒ်ဖြင့် ပေါ်တိုအသင်းကို အနိုင်ရခဲ့တဲ့ အဆိုပါ ပွဲစဉ်အတွင်း ပထမပိုင်း ပွဲကစားချိန် နာရီဝက်ခန့်မှာ ပေါ်တိုကစားသမား ဒေးဗစ်ကာမိုရဲ့ ကစားပုံကြမ်းခဲ့မှုကြောင့် နူးကမ့်စ်အခြေစိုက်ကလပ်အတွက် အားထားရတဲ့ တိုက်စစ်ကစားသမား လီဝန်ဒေါစကီး အပြင်းအထန် ဒဏ်ရာရကာ ဖာရန်းတောရက်စ်နဲ့ လူစားလဲခဲ့ရတာလည်း ဖြစ်ပါတယ်။ လီဝန်ဒေါစကီးအနေဖြင့် ဖာရန်းတောရက်စ်နဲ့ လူစားလဲလှယ်ပြီး အရန်ခုံပေါ်တွင် ထိုင်နေစဉ်မှာလည်း အဆိုပါ ဒဏ်ရာအပေါ် ရေခဲကပ်ကာ နာကျင်ဟန်ပြနေခဲ့တာကြောင့် ဒဏ်ရာပြင်းထန်နိုင်ကြောင်း ယူဆခဲ့ကြပေမဲ့ သတင်းထောက် အက်ဒရီယာအဲလ်ဘတ်စ်ရဲ့ ဖော်ပြချက်အရ ဒဏ်ရာပြင်းထန်မှုမရှိတာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းနဲ့အတူ ယခုနှစ်လာလီဂါ ပွဲစဉ် ၈ ပွဲကစားပြီးချိန်မှာ သွင်းဂိုး ၅ ဂိုး သွင်းယူပေးထားနိုင်တဲ့ လီဝန်ဒေါစကီးရဲ့ ဒဏ်ရာရခဲ့မှုကြောင့် ကုသမှုပြုလုပ်ရမယ့် အချိန်ကာလက နိုင်ငံတကာပွဲရက်တွေဖြစ်နေတာကြောင့် ကတ္တလန်ကလပ်အတွက် အနည်းငယ်ကံကောင်းခဲ့ပြီး ဂရန်နာဒါအသင်းနဲ့ ပွဲစဉ်တွင် အနားပေးရနိုင်တာပဲ ဖြစ်ပါတယ်။

#ဘာစီလိုနာ #လီဝန်ဒေါ့စကီး #ချန်ပီယံလိဂ် #ပေါ်တို