ရှေ့သို့
Image

ပီအက်စ်ဂျီကို ဂိုးပြတ်အနိုင်ရပြီးနောက် ထူးကဲတဲ့ ညချမ်းကာလတစ်ခုလို့ ကြွေးကြော်လိုက်တဲ့ နယူးကာဆယ်နည်းပြ ဟိုဝီ

9:23 AM, 5 October

ဒီနေ့မနက်ပိုင်း၊ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် စိန့်ဂျိမ်းစ်ပတ်ခ်မှာ ပီအက်စ်ဂျီအသင်းကို ၄-၁ ဂိုးဖြင့် အနိုင်ရပြီးနောက် နယူးကာဆယ်ရဲ့ ထူးကဲတဲ့ညချမ်းကာလတစ်ခုလို့ နည်းပြဟိုဝီက ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ ဥရောပဟဲဗီးဝိတ်ကလပ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အိမ်ရှင်ငှက်ကျားတွေအတွက် အယ်လ်မီရွန်၊ ဒန်ဘန်း၊ လောင်းစတက်ဖ်နဲ့ ဖေဘီယန်ရှားတို့က သွင်းဂိုးတွေ ရယူပေးခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်ကလပ်ဟာ မရဏအုပ်စုရဲ့ အုပ်စုဗိုလ်နေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီကလပ်အသင်းက ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်း နည်းပြဟိုဝီစတင်တာဝန်ယူကိုင်တွယ်ချိန်မှာ တန်းမဆင်းရရေး ရုန်းကန်ခဲ့ရတဲ့အသင်း ဖြစ်ပါတယ်။

ပွဲပြီးသတင်းစာရှင်းလင်းပွဲအတွင်း အသက်-၄၅ နှစ်အရွယ် နည်းပြဟိုဝီက “ဒီညပွဲစဉ်အတွင်း ကစားသမားတွေ ပေးအပ်လာတဲ့အရာအတွက် သူတို့နဲ့အတူ ကျွန်တော်လည်း ပျော်ရွှင်ကျေနပ်အားရမိပါတယ်။ ဒီပွဲစဉ်က နည်းဗျူဟာပိုင်းအရ ခက်ခဲတဲ့ပွဲစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ပီအက်စ်ဂျီက ခံစစ်မှစတင်ကာ ဘောလုံးကစားဖို့ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က သူတို့ကို ဟန်ချက်ပျက်ပြီး မစုစည်းနိုင်အောင် လုပ်ခဲ့ရပါတယ်။ ကျွန်တော်တို့တွေက တကယ့်ထိပ်တန်း ကစားသမားတွေကို ပြိုင်ဘက်ရဲ့ခံစစ်ဇုန်ထဲမှာပဲ လူကပ်ကစားခဲ့ရပါတယ်။ အပေါင်းလက္ခဏာဆောင်တဲ့ ပွဲစဉ်တစ်ခုလို့ ကျွန်တော်တွေးမိခဲ့တဲ့ ပွဲစဉ်အတွင်း ပီအက်စ်ဂျီက ကျွန်တော်တို့ကို ထိုးနှက်ခဲ့တဲ့ အခိုက်အတန့်အချို့လည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့သွင်းဂိုးတွေကတော့ အကောင်းဆုံးအခိုက်အတန့်မှာ ရောက်ရှိလာခဲ့တာပါ။ ကိုယ့်ရဲ့အိမ်ကွင်းပရိသတ်တွေရှေ့မှောက်မှာ ပီအက်စ်ဂျီကို လေးဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ အခိုက်အတန့်က ထူးခြားတဲ့ ညချမ်းကာလတစ်ခု ဖြစ်ပါတယ်။ ပရိသတ်ကြီးရဲ့အားပေးမှုကလည်း အရမ်းကို ကောင်းမွန်လွန်းလို့ ကျွန်တော် ဘယ်လိုစကားလုံးနဲ့တောင် ပရိသတ်ကြီးကို ကျေးဇူးတင်ရမှန်း မသိနိုင်လောက်အောင်ပါပဲ။ မီလန်မြို့မှာ ဂိုးမရှိသရေကျခဲ့တဲ့ ပြီးခဲ့တဲ့ပွဲစဉ်က ကျွန်တော်တို့ရဲ့အဆင့်အတန်းကို မထိခိုက်စေခဲ့ဘူးဆိုပေမယ့် ဒီညနိုင်ပွဲကတော့ အောင်မြင်ခြင်းပန်းတိုင်ဆီရောက်ရှိရေး လိုအပ်နေတဲ့ ယုံကြည်မှုမျိုးကို ပေးစွမ်းပါတယ်။ ဒါပေမယ့် ခြေလှမ်းငယ်တစ်ခုလောက်ပဲ ရှိပါသေးတယ်”လို့ ဆိုပါတယ်။

နယူးကာဆယ်က လာမယ့် တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။

#နယူးကာဆယ် #ပီအက်စ်ဂျီ #ချန်ပီယံလိဂ် #ဟိုဝီ