ရှေ့သို့
Image

အီတလီမြေမှာ ခြေစွမ်းပြ သွင်းဂိုး ရယူပြီး တောက်ပဆဲတောက်ပမြဲဆိုတာ သက်သေပြနိုင်ခဲ့တဲ့ မက်ဒရစ်စတား ဘယ်လင်ဂမ်

9:22 AM, 4 October

ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ် (၂) အဖြစ် နာပိုလီအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ချန်ပီယံလိဂ်ဘုရင် ရီးရဲလ်မက်ဒရစ်အသင်းက ၃ဂိုး - ၂ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့ပြီး ပွဲစဉ်အတွင်း ယခုနှစ်မှ မက်ဒရစ်ကလပ်ကို ရောက်လာကာ ကမ္ဘာ့အဆင့် ခြေစွမ်းပြ ကစားနိုင်တာကြောင့် ချီးကျူးသံတွေကျယ်လောင်နေတဲ့ ဘယ်လင်ဂမ်က သွင်းဂိုး ထပ်မံရှာဖွေပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

နည်းပြ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလ အတွင်း ရွှေဘောလုံးဆုရှင် ဘန်ဇီးမားအပါအဝင် ထိပ်တန်းကစားသမားအချို့အား ရောင်းချအပြီးမှာ ထပ်မံအားဖြည့်မှုအနေဖြင့် ခေါ်ယူထားခဲ့တဲ့ ကစားသမားတွေအထဲမှ ဘယ်လင်ဂမ်က အထူးခြေစွမ်းပြနိုင်ခဲ့ပြီး ဘယ်လင်ဂမ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ဘောလုံးသုံးသပ်သူ အများစုက ချီးကျူးနေကြရတာပဲ ဖြစ်ပါတယ်။

လာလီဂါ ချန်ပီယံဆုအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်းမှာ အောင်မြင်မှုရရေးအတွက် ပြင်ဆင်လုပ်ဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းက မိုဒရစ်၊ တိုနီခရူးစ်တို့နေရာ အတွက် အားဖြည့်မှုပြုလုပ်တဲ့အနေဖြင့် ဒေါ့မွန်အသင်းနဲ့အတူ ခြေစွမ်းပြကစားနေတဲ့ အသက် ၂၀နှစ်အရွယ် ဘယ်လင်ဂမ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ ကျော်ဖြင့် တန်ကြေးမြင့်မားစွာ ပေးချေခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအတွက် လာလီဂါပွဲစဉ် ၈ ပွဲသာ ကစားပြီးချိန်တွင် သွင်းဂိုး ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို မက်ဒရစ်ကလပ်အတွက် ချန်ပီယံလိဂ် ပွဲစဉ်တွေမှာလည်း အဖိုးတန်အနိုင်ဂိုး သွင်းယူနိုင်ခဲ့တဲ့ အသက် ၂၀နှစ် အရွယ် ဘယ်လင်ဂမ်ရဲ့ စွမ်းဆောင်ရည်က အဓိက တိုက်စစ်မှုး ဘန်ဇီးမား ထွက်ခွာမှုကိုပါ မေ့ပျောက်စေခဲ့တာ ဖြစ်ပါတယ်။ နာပိုလီအသင်းနဲ့ ပွဲစဉ်တွင် ထိပ်တန်းအဆင့် သွင်းဂိုး ၁ ဂိုး ထပ်မံသွင်းယူနိုင်ခဲ့တဲ့ ဘယ်လင်ဂမ်ရဲ့ စွမ်းဆောင်ရည်အပေါ် ဗယ်လ်ဗာဒီအပါအဝင် ကလပ်အသင်းဖော် ကစားသမားအချို့ကပါ ချီးကျူးနေကြတာ ဖြစ်ပါတယ်။

စူပါစတားဖြစ်လာတဲ့ ဘယ်လင်ဂမ်ရဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ရှေ့လာမယ့် ပွဲစဉ်တွင် လာလီဂါပွဲစဉ်အဖြစ် ဘာနေဗျူးကွင်းအတွင်းမှာ အိုဆာဆူနာအသင်းကို လက်ခံယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။

#ရီးရဲလ်မက်ဒရစ် #နာပိုလီ #ချန်ပီယံလိဂ် #ဘယ်လင်ဂမ်