ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ်ရဲ့ပွဲစဉ်တွေကို တီဗီကနေစောင့်ကြည့်ရင်း ကြီးပြင်းခဲ့ရတယ်လို့ပြောကြားလာတဲ့ နာပိုလီတောင်ပံလူ ခဗာရက်စ်ကီလီယာ

4:25 PM, 3 October

နာပိုလီတောင်ပံကစားသမား ခဗာရက်စ်ကီးလီယာက မကြာမီမှာချန်ပီယံလိဂ်ပွဲစဥ်အဖြစ် ယှဉ်ပြိုင်ကစားရမယ့် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ပွဲစဉ်တွေကို တီဗီကနေစောင့်ကြည့်ရင်း ကြီးပြင်းခဲ့ရတယ်လို့ ဖွင့်ဟပြောကြားလာခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ နာပိုလီနဲ့ ချန်ပီယံလိဂ် ဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရန် ယခုအခါအီတလီ‌နိုင်ငံသို့ရောက်ရှိနေပြီဖြစ်ပြီး နာပိုလီအသင်းကလည်း ရီးရဲလ်မက်ဒရစ်နဲ့ ကစားဖို့အဆင်သင့်ဖြစ်နေပြီလို့ ခဗာရက်စ်ကီးလီယာကဆိုပါတယ်။ ချန်ပီယံလိဂ်မှာအအောင်မြင်ဆုံး အသင်းအဖြစ်ရပ်တည်နေတဲ့ ကားလို့စ်အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်ဟာ အီတလီမြေမှာ ကစားရတဲ့ပွဲစဉ်တွေမှာ ရလဒ်ကောင်းလေ့ရှိသော်လည်း မကြာသေးမီကမှ ရလဒ်ကောင်းတွေဆက်တိုက် ရရှိလာတဲ့ လက်ရှိစီးရီးအေ ချန်ပီယံနာပိုလီကို အနိုင်ရဖို့တော့ ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်ဖို့လိုနေပါတယ်။

နာပိုလီကြယ်ပွင့်ကစားသမား ခဗာရက်စ်ကီးလီယာကလည်း ရီးရဲလ်မက်ဒရစ်နဲ့ယှဉ်ပြိုင်ရမှာ စိတ်လှုပ်ရှားနေကြောင်းနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ပွဲစဉ်တွေကို ငယ်ငယ်ကတည်းက စောင့်ကြည့်ခဲ့တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ၎င်းက "ကျွန်တော်က ရီးရဲလ်မက်ဒရစ်ရဲ့ပွဲစဉ်တွေကိုကြည့်ပြီး ကြီးပြင်းလာခဲ့တာပါ။ အခုသူတို့က ကျွန်တော်တို့ရဲ့ကွင်းထဲမှာ ကျွန်တော့်ရဲ့ ပြိုင်ဘက်တွေဖြစ်လာခဲ့ပါပြီ။ ဒီလိုညမျိုးမှာ မပျော်နိုင်ဘဲ ဘယ်ရှိပါ့မလဲ"လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လူငယ်‌တောင်ပံကစားသမားက ရီးရဲလ်မက်ဒရစ်ကစားသမားတွေဖြစ်ခဲ့ကြတဲ့ ဂူတီနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့ဟာ ၎င်းရဲ့ စံပြပုံဂ္ဂိုလ်တွေဖြစ်‌ကြောင်း ယခုတစ်ပတ်အစောပိုင်းက အင်တာဗျုးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ ခဗာရက်စ်ကီလီယာက "ကျွန်တော် သူတိုရဲ့ကစားပုံတွေကိုကြည့်ပြီး သူတို့ရဲ့ ကန်ချက်တွေနဲ့ လိမ်ခေါက်ပုံတွေကို အတုယူခဲ့ပါတယ်။ သူတို့က ကျွန်တော့်အတွက် လှုံ့ဆော်မှုတွေဖြစ်ခဲ့ပါတယ်"လို့ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ဟာ ခဗာရက်စ်ကီးလီယာကိုခေါ်ယူရန် ကာလရှည်ကြာ ချိတ်ဆက်မှုပြုလုပ်ခဲ့ပါသေးတယ်။ ဆက်လက်ပြီး ဂျော်ဂျီယာကြယ်ပွင့် ကစားသမားဟာ လက်ရှိရီးရဲလ်မက်ဒရစ် ကစားသမားတွေထဲမှာ ဗင်နီစီးယက်စ်ကို အဓိကထားပြီး ချီး‌ကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ၎င်းက "ဗင်နီစီးယက်စ်က တကယ်ကောင်းတဲ့ကစားသမားပါ။ ကြီးမားတဲ့ပါရမီနဲ့ လက်ရှိတောင်ပံနေရာမှာ အကောင်းဆုံးပါ။ သူနဲ့ယှဉ်ပြိုင်ကစားပြီး အတွေ့အကြုံယူရမှာ စိတ်လှုပ်ရှားစရာပါပဲ။ မိုဒရစ်၊ ဘယ်လင်ဟမ်နဲ့ တိုနီခရူးစ်တို့ကလည်း စိတ်လှုပ်ရှားစရာကောင်းတဲ့ကစားသမားတွေပါ။ ကျွန်တော့်အနေနဲ့ သူတို့တစ်သင်းလုံးရဲ့နာမည်တွေကို ရွတ်နေရမယ်ထင်ပါတယ်။ ကျွန်တော်တို့ သူတို့တစ်သင်းလုံးကိုလေးစားပါတယ်။ သူတို့ကထိပ်တန်းကစားသမားတွေပါ"လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

နောက်ဆုံးမှာတော့ နာပိုလီကြယ်ပွင့်က ရီးရဲလ်မက်ဒရစ်ကို သတိပေးတဲ့အနေနဲ့ နာပိုလီကစားသမားတွေဟာ ရီးရဲလ်မက်ဒရစ်ရဲ့ကြီးကျယ်မှုတွေကို‌ကြောက်ရွံ့နေမှာမဟုတ်ဘဲ အကောင်းဆုံးရင်ဆိုင်သွားမှာဖြစ်တယ်လို့ ‌ပြောကြားခဲ့ပါတယ်။ ၎င်းက "ရီးရဲလ်မက်ဒရစ်ကို ကျွန်တော်တို့လေးစားပါတယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှမကြောက်ပါဘူး။ ကျွန်တော်တို့က အီတလီရဲ့ချန်ပီယံတွေဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီပွဲကိုအနိုင်ရရှိအောင် တတ်နိုင်သမျှအကုန်လုပ်သွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

#စီးရီးအေ #နာပိုလီ #ခဗာရက်စ်ကီးလီယာ