ရှေ့သို့
Image

ယူနိုက်တက်ကို မုန်းတီးခြင်းမရှိဘူးလို့ ပြောကြားလိုက်တဲ့ ဇာဟာ

9:40 AM, 3 October

ဂါလာတာစာရေးတောင်ပံကစားသမား ဇာဟာက အိုးလ်ထရက်ဖို့ဒ်မှာ အောင်မြင်မှု မရရှိခဲ့သော်လည်း  မန်ချက်စတာယူနိုက်တက်ဟာ ၎င်းရဲ့ကစားသမားဘဝကို သတ်ခဲ့တာမဟုတ်ကြောင်းနဲ့ ယူနိုက်တက်ကို မုန်းတီးခြင်းမရှိဘူးလို့ ဖွင့်ဟပြောကြားလာခဲ့တာဖြစ်ပါတယ်။

အသက်-၃၀ နှစ်အရွယ် ကစားသမားဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဂါလာတာစာရေးအသင်းနဲ့အတူ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ဖို့ မနက်ဖြန်မနက်မှာ အိုးလ်ထရက်ဖို့ဒ်သို့ ရောက်ရှိလာမှာဖြစ်ပါတယ်။ တောင်ပံကစားသမားဟာ ယူနိုက်တက်သို့ ရောက်ရှိခဲ့ချိန်မှာ ပွဲထွက်ခွင့်ရဖို့ရုန်းကန်ခဲ့ရတာကြောင့် အောင်မြင်တဲ့ ကစားသမားဘဝကို မပိုင်ဆိုင်နိုင်ခဲ့ပါဘူး။

၂၀၁၃ ခုနှစ်မှာ ယူနိုက်တက်သို့ ပေါင် ၁၀ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် အသင်းအတွက် ၄ ပွဲသာ ကစားခွင့်ရရှိခဲ့တဲ့အတွက် ယူနိုက်တက်ကစားသမားဘဝကို ဒေါသဖြစ်နေသေးလားလို့မေးမြန်းခဲ့ရာ ဇာဟာက “ရိုးရိုးသားသားပြောရမယ်ဆိုရင် ခင်ဗျား ကျွန်တော့်မျက်နှာကိုကြည့် အဲဒီလို စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ပုံပေါ်လား။ လက်တွေ့ကျကျပြောရမယ်ဆိုရင် ကျွန်တော်က ရှင်လည်းရှင်နိုင်သလို သေလည်းသေသွားနိုင်တဲ့ နေရာတစ်ခုကို ရောက်ခဲ့သလိုပါပဲ။ ကျွန်တော်ကတော့ အဲဒီနေရာမှာ အသေခံသွားမှာမဟုတ်ပါဘူး။ ဒါကြောင့်ကျွန်တော့်ရဲ့ ကစားသမားဘဝကို ဆက်လက်ရှင်သန်နိုင်ဖို့ အဲဒီနေရာကနေ ရုန်းထွက်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားဘဝကို ဘာတွေပဲဖြစ်လာဖြစ်လာ မသေစေရဘူးလို့ စိတ်ပိုင်းဖြတ်ထားလို့ပါ။ ကျွန်တော်ရောက်ချင်တဲ့နေရာကို ရောက်ရမယ်လို့ ဆုံးဖြတ်ပြီးသားပါ။ ဒါကြောင့် ဒီနေ့ ကျွန်တော်ဒီကိုရောက်နေတာပါ”လို့ ပြောကြားခဲ့ပါတယ်။

၂၀၂၁ ခုနှစ်က ခရစ္စတယ်ပဲလေ့စ် ကစားသမားအဖြစ် တံခါးပိတ်ပွဲစဉ်မှာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ခဲ့ရာမှာ ဇာဟာက ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး ၃-၁ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ဒါကြောင့်  ယူနိုက်တက်ကို ပြိုင်ဘက်အဖြစ်ရင်ဆိုင်ရတာက ဇာဟာအတွက် အထူးအဆန်းတော့မဟုတ်ပါဘူး။ အဆိုပါပွဲစဉ်ဟာ အဲဒီအချိန်မှာတုန်းက ယူနိုက်တက်ရဲ့ ယာယီနည်းပြအဖြစ် ဆောင်ရွက်ခဲ့တဲ့ ရက်ဖ်ရင်းဂစ်ရဲ့ နောက်ဆုံးပွဲစဉ်လည်းဖြစ်ပါတယ်။

ဂိုးသွင်းယူနိုင်ခဲ့တဲ့အပြင် ခရစ္စတယ်ပဲလေ့စ်က အနိုင်ရရှိခဲ့သော်လည်း ဇာဟာကတော့ အဲဒီပွဲစဉ်ဟာ ၎င်းအတွက် လှုံ့ဆော်မှု ကြီးကြီးမားမားမဖြစ်ဘူးလို့ ဆိုပါတယ်။ ဇာဟာက “အဲဒီပွဲက သာမန်လိဂ်ပွဲတစ်ပွဲပါပဲ။ ကျွန်တော်တို့ ဒီအတိုင်းပဲ ကစားလိုက်ရတာပါပဲ။ ကျွန်တော်အသက် ၁၉-၂၀ လောက်မှာတုန်းကလည်း ပဲလေ့စ်ကို အငှားနဲ့ သွားကစားနေပြီး ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ဖူးပါတယ်။ ကျွန်တော့်အတွက်ကတော့ ထူးထူးခြားခြားမဖြစ်ဘဲ ကျွန်တော့်အလုပ် ကျွန်တော်လုပ်နေရသလိုပါပဲ။ ယူနိုက်တက်က ဟိုးအရင်ကတည်းကရှိနေခဲ့တဲ့ အသင်းကြီးတစ်သင်းပါ။ ယူနိုက်တက်ကနေ ထွက်ခွာလာခဲ့တာ ၁၀ နှစ်ရှိနေပြီး အခု ကျွန်တော့်အသက်ကလည်း ၃၀ ရှိနေပြီဆိုတော့ ပွဲထဲမှာရင့်ကျက်လာပြီလို့ ခံစားရပါတယ်။ အခုကျွန်တော်က ဂါလာတာစာရေးဆိုတဲ့ အသင်းကြီးတစ်သင်းမှာပါ။ ကျွန်တော်တို့မှာ အရည်အသွေးတွေနဲ့ အတွေ့အကြုံတွေ အများကြီးရှိလို့ ယူနိုက်တက်နဲ့ ကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့အသင်းမှာ သူတို့ကို နာကျင်စေနိုင်တဲ့ ကစားသမားတွေအများကြီး ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီပွဲကို စောင့်မျှော်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂါလာတာစာရေး #ဇာဟာ #ပရီးမီးယားလိဂ်