ရှေ့သို့
Image

ဂျပန်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ဒိုင်လူကြီးကို တိုက်ခိုက်ခဲ့ကြတဲ့ မြောက်ကိုရီးယားကစားသမားများ

3:12 PM, 2 October

ယမန်နေ့က ဟန်ကျိုးမှာ ဂျပန်ကို ၂-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ အာရှအားကစားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်ရဲ့ ပွဲအပြီးမှာ မြောက်ကိုရီးယားကစားသမားတွေဟာ ဒိုင်လူကြီးအပါအဝင် ပွဲတာဝန်ရှိသူတွေနဲ့ ထိပ်‌တိုက်တွေ့ဆုံခဲ့ကြပြီး ကွင်းလယ်ဒိုင်ကို ရန်မူဖို့ကြိုးစားခဲ့ကြသော်လည်း မြောက်ကိုရီးယားအသင်းနည်းပြ ကတော့ သူ့ရဲ့ကစားသမားတွေကို ကာကွယ်ပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။။

ပွဲသိမ်းခရာမှုတ်အပြီးမှာ မြောက်ကိုရီးယား အသင်းခေါင်းဆောင် ဂျန်ကွတ်ချိုးနဲ့ ၎င်းရဲ့အသင်းဖော်  ကင်ဂျုံဆော့ တို့က ကွင်းလယ်ဒိုင် ရက်စ်တန်လူဖူလင်ကို  ပြင်းပြင်းထန်ထန်စောဒကတက်ခဲ့ကြတဲ့အပြင် ရန်မူဖို့အထိပါကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ လက်ထောက်ဒိုင်လူကြီးတွေနဲ့ ပွဲတာဝန်ရှိသူတွေက ဒိုင်လူကြီးကို ကာကွယ်ဖို့ပြေးလာကြတာကြောင့် ကစားသမားတွေနဲ့ ဒိုင်လူကြီးတွေအကြား ရုတ်ရုတ်သဲသဲအခြေအနေတွေဖြစ်ခဲ့ပြီး မြောက်ကိုရီးယားအသင်း နည်းပြကလည်း အခြေအနေကိုထိန်းသိမ်းရန် ကွင်းထဲသို့ပြေးဝင်ခဲ့ရတာဖြစ်ပါတယ်။

အစောပိုင်းကလည်း မြောက်ကိုရီးယားဂိုးသမား ကန်ဂျူရော့က ဂျပန်ကစားသမား နီရှီကာဝါကို ပြစ်ဒဏ်ကျူးလွန်ခဲ့လို့ ဒိုင်လူကြီးက ပင်နယ်တီသတ်မှတ်ပေးခဲ့တာကြောင့် မြောက်ကိုရီးယား ကစားသမားတွေက စောဒကတက်ခဲ့ပါသေးတယ်။ ကန်ဂျူရော့က လက်ကိုဝှေ့ယမ်းပြီး ခေါင်းတခါခါ လည်တခါခါနဲ့ ဒေါသတကြီး ငြင်းဆိုခဲ့သော်လည်း ဒိုင်လူကြီးကတော့ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခြင်းမရှိခဲ့ပါဘူး။

သတင်းစာရှင်းလင်းပွဲမှာ မြောက်ကိုရီးယားနည်းပြ စင်ယောင်နမ်က "ကျွန်တော်တို့ ကစားသမားတွေ ပွဲထဲမှာ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ကြပါတယ်။ ဒါပေမယ့် ဘောလုံးပွဲဆိုတာဒီလိုပါပဲ။ ဒီလိုထိပ်တိုက်တွေ့ဆုံမှုတွေက ဘောလုံးပွဲတွေမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အပြုအမူက လက်ခံနိုင်စရာရှိတယ်လို့ထင်ပါတယ်"လို့ ကာကွယ်ပြောကြားခဲ့ပါတယ်။

ဂျပန်နည်းပြ ဂိုအူရီဝါကမူ အဆိုပါရုန့်ရင်းဆန်ခတ်ပြဿနာနဲ့ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပါတယ်။ ၎င်းက "ဒီပွဲက ကျွန်တော်တို့ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့မျှော်လင့်မထားတာတွေလည်း ဖြစ်ခဲ့ပေမယ့် ဒါကိုလက်ခံနိုင်ပါတယ်။ ဂျပန်အတွက်ဦးဆောင်ဂိုးကို ဒုတိယပိုင်း ပွဲကစားချိန် ၅၁ မိနစ်မှာ အူချီနိုက သွင်းယူပေးခဲ့ပြီး မြောက်ကိုရီးယားအတွက် ၇၄ မိနစ်မှာ ကင်မ်က ချေပခဲ့ပေမယ့် ပွဲကစားချိန် မိနစ် ၈၀ မှာတော့ မာဆုမူရာက ပင်နယ်တီမှတစ်ဆင့် ဂျပန်အတွက်အနိုင်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ယခုနိုင်ပွဲကြောင့် ဂျပန်ဟာ ဆီမီးဖိုင်နယ်မှာ အီရန်ကို ၁-၀ နဲ့အနိုင်ယူခဲ့တဲ့ ဟောင်ကောင်နဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် တောင်ကိုရီးယား အသင်းကလည်း အိမ်ရှင် တရုတ်အသင်းကို ၂-၀ နဲ့အနိုင်ယူပြီး ဆီမီးဖိုင်နယ်သို့တက်လှမ်းလာခဲ့ပါတယ်။ တောင်ကိုရီးယားဟာ ဆော်ဒီအာရေဗျကို ၂-၁ နဲ့ အနိုင်ယူခဲ့တဲ့ ဥဇဘက်ကစ္စတန်နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

#ဂျပန် #အာရှအားကစားပြိုင်ပွဲ #မြောက်ကိုရီးယား