ရှေ့သို့
Image

ရမ်စ်ဒေးနဲ့ ရာယာတို့ကို အလှည့်ကျနေရာပေးနေတာက အန္တရာယ်များတယ်လို့ သတိပေးလိုက်တဲ့ ပိုချက်တီနို

1:49 PM, 2 October

ချဲလ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ အသင်းရဲ့ဂိုးသမားတွေဖြစ်တဲ့ အာရွန်ရမ်စ်ဒေးနဲ့ ဒေးဗစ်ရာယာတို့ကို ပွဲထွက်ကစားသမားတွေအဖြစ် တစ်လှည့်စီအသုံးပြုနေခြင်းက အန္တရာယ်များလွန်းတယ်လို့ သတိပေးစကားပြောကြားလာခဲ့တာဖြစ်ပါတယ်။

ပိုချက်တီနိုဟာ ၎င်းရဲ့ချဲလ်ဆီးအသင်းအတွက် နံပါတ် ၁ ဂိုးသမားနေရာမှာ နွေရာသီအပြောင်းအရွှေ့ကာလက ခေါ်ယူထားခဲ့တဲ့ ရောဘတ်ဆန်းချက်ဇ်ကို ကာရာဘောင်ဖလား ပွဲစဉ်များသာမက ပွဲစဉ်တိုင်းမှာ အသုံးပြုထားခဲ့တာဖြစ်ပါတယ်။ ၎င်းက မန်နေဂျာတစ်ဦးအနေနဲ့ အသင်းရဲ့ဂိုးပေါက်မှာ ဂိုးသမားတစ်ယောက်တည်းကိုပဲ အသုံးပြုတာက မလိုလားအပ်တဲ့ အန္တရာယ်တွေကိုရှောင်းရှားနိုင်တယ်လို့ ယုံကြည်နေပြီး တစ်ယောက်ထက်ပိုရှိနေတာက အသင်းအတွက် အန္တရာယ်ဖြစ်စေနိုင်တယ်လို့သတိပေးပြောကြားလာခဲ့တာဖြစ်ပါတယ်။

ဆန်းချက်ဇ်ကို အသင်းရဲ့ ပထမဦးစားပေး ဂိုးသမားအဖြစ် သတ်မှတ်ခဲ့တဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး ပိုချက်တီနိုက “အသင်းရဲ့နေရာတိုင်းမှာ ကစားသမားကောင်းတွေရှိနိုင်ဖို့ ကစားသမားတွေ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်မှုရှိနေမှရပါမယ်။ ပီအက်စ်ဂျီမှာတုန်းက ကျွန်တော့်မှာ ထိပ်တန်းဂိုးသမားတွေဖြစ်တဲ့ ဒွန်နာရမ်မာနဲ့ နာဗက်စ်တို့ရှိခဲ့ပါတယ်။ ကျွန်တော်က အကောင်းဆုံးကို လိုချင်တာကြောင့် သူတို့ကြားမှာ ပြိုင်ဆိုင်မှုရှိဖို့လိုပါတယ်။ ကျွန်တော်က ဒွန်နာရမ်မာကို ၂ ပွဲ၊ နာဗက်စ်ကို ၂ ပွဲနဲ့ အဲဒီလို ၂ ပွဲစီ ကစားစေခဲ့ပေမယ့် အဲဒါက အန္တရာယ်ရှိပါတယ်။ အသင်းတစ်သင်းရဲ့ နေရာတိုင်းမှာ နံပါတ် ၁ ကစားသမားက ဘယ်သူဖြစ်တယ်လို့ သတ်မှတ်ထားတာက အကောင်းဆုံးပါပဲ။ နည်းပြအနေနဲ့ ဆုံးဖြတ်ချက် ချနိုင်ဖို့လိုပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ နည်းပြတွေက အသင်းကို မတူညီတဲ့နေရာတွေမှာ တိုးတက်စေချင်ကြပါတယ်။ အဲဒီအခါမှာ ကစားသမားဟာ သူ့ကိုယ်သူ နံပါတ် ၂ ဦးစားပေး ကစားသမားလို့ လက်ခံပြီး မကစားချင်တော့ပါဘူး” လို့ပြောကြားခဲ့ပါတယ်။

ပိုချက်တီနိုက ၎င်းရဲ့ပြောကြားချက်မှာ အာတီတာရဲ့နာမည်ကို မဖော်ပြထားသော်လည်း လက်ရှိမှာ ရမ်စ်ဒေးနဲ့ ရာယာတို့ကို တစ်လှည့်စီအသုံးပြုနေတဲ့ စပိန်သားအတွက် သတိပေးချက်တစ်ခုဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ ရာယာကို ၄ ပွဲ ဆက်တိုက် အသုံးပြုပြီးနောက် အာတီတာဟာ လာမယ့် အင်္ဂါနေ့ ပြင်သစ်လီဂူးဝမ်းကလပ် လန်းစ်နဲ့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ရမ်စ်ဒေးကို ပွဲထွက်ဂိုးသမားအဖြစ် ပြန်လည်အသုံးပြုလာဖွယ်ရှိနေပါတယ်။

#အာတီတာ #အာဆင်နယ် #ပိုချက်တီနို #ရမ်စ်ဒေးလ် #ပရီးမီးယားလိဂ် #ရာယာ