ရှေ့သို့
Image

အာရှချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမယ့် အီရန်ကလပ်ရဲ့ ကွင်းအခြေအနေကြောင့် အံ့အားသင့်နေတဲ့ နေမာ

1:41 PM, 2 October

ဥရောပ ထိပ်တန်းကလပ်အသင်းကြီးတွေရဲ့ စူပါစတားတွေကို ခေါ်ယူထားတဲ့ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေက ရွှေဘောလုံးဆုရှင် ရော်နယ်ဒို၊ ဘန်ဇီးမားတို့ အပြင် ပီအက်စ်ဂျီစတား နေမာကိုပါ အာရှမြေကို ခေါ်ယူထားခဲ့ပြီး အယ်ဟီလယ်စတား နေမာက အီရန်မြေမှာ ကစားရမယ့် အာရှချန်ပီယံလိဂ် ပွဲစဉ်မတိုင်မီ ထွက်ပေါ်လာတဲ့ ကွင်းအနေအထားအပေါ် အံ့အားသင့်ရကြောင်း မှတ်ချက်ပြုလိုက်တာပဲ ဖြစ်ပါတယ်။

အယ်ဟီလယ်အသင်းက အာရှချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အီရန်မြေမှာ မကစားမီ အီရန်ကလပ် နာဆာဂျီအသင်းရဲ့ အိမ်ကွင်းမှာ အထင်းသားပေါ်ထွက်နေတဲ့ ကွန်ကရစ်သားတွေနေရာတွင် မြက်ခင်းတုတွေ လိုက်ဖုံးနေတဲ့ ဗီဒီယိုအား ဆော်ဒီပရိုလိဂ်တရားဝင်တွစ်တာစာမျက်နာကနေ ပို့စ်တင်ခဲ့တာဖြစ်ပြီး အဆိုပါ ပို့စ်ရဲ့ အောက်တွင် နေမာက ‘ဒါ ဘယ်လိုမှမဖြစ်နိုင်တာ’ ဆိုပြီး အံ့ဩဘနန်း မှတ်ချက်ပေးလိုက်တာ ဖြစ်ပါတယ်။

ဘရာဇီးစတားအနေဖြင့် ပဲရစ်အခြေစိုက်ကလပ်တွင် ၂၀၂၇ခုနှစ်အထိ စာချုပ် သက်တမ်းကျန်နေသေးတာ ဖြစ်ပေမဲ့ ပီအက်စ်ဂျီအသင်းဘက်မှ လက်ခံနိုင်မယ့် ကမ်းလှမ်းမှုမပြုလုပ်ခဲ့တာကြောင့် ဆော်ဒီကလပ် အယ်ဟီလယ်အသင်းကို တစ်နှစ်လုပ်ခ ပေါင် သန်း ၁၅၀ ဖြင့် ပြောင်းရွှေ့ခဲ့တာလည်း ဖြစ်ပါတယ်။

အာရှအခြေစိုက် ဆော်ဒီပရိုလိဂ်ကလပ်တွေအနေဖြင့် ဥရောပ ပုံရိပ်မြင့်ထိတန်းကစားသမားတွေကို ပစ်မှတ်ထားလာနေပြီး ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်းမှာ ပေါ်တူဂီကြယ်ပွင့် ရော်နယ်ဒို ကို တစ်နှစ်လုပ်ခ ယူရို သန်း ၂၀၀ဖြင့် ခေါ်ယူထားခဲ့သလို ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီအတွက် ရွှေဘောလုံးဆုရှင် ပြင်သစ်ဝါရင့်တိုက်စစ်မှုး ဘန်ဇီးမားကိုပါ တစ်နှစ်လုပ်ခ ယူရို သန်း ၁၀၀ဖြင့် ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

အယ်ဟီလယ်အသင်းက တိုက်စစ်ပိုင်းဖြည့်တင်း‌ရေးအတွက် ဘရာဇီးကြယ်ပွင့်နေမာကို မြင့်မားတဲ့ လုပ်ခနှုန်းထားဖြင့် ခေါ်ယူထားခဲ့တာဖြစ်ပြီး အသက် ၃၁ နှစ်အရွယ် နေမာက ကြံ့ခိုင်မှုအခြေအနေကြောင့် ဆော်ဒီကလပ်အသင်းတွင် ပွဲချိန် မိနစ် ၉၀ ပြည့် ၂ ပွဲသာ ပါဝင်ကစားပေးနိုင်သေးတာ ဖြစ်ပါတယ်။ အာရှချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အယ်ဟီလယ်အသင်းက ချန်ပီယံဆု ကာကွယ်နိုင်ရေးအတွက် အာရုံစိုက်နေပြီး အုပ်စုအဖွင့်ပွဲစဉ်တွင် ဥဇဘတ်ကစ္စတန်ကလပ် နာဘာဟော်အသင်းနဲ့ ၁ဂိုး - ၁ဂိုး သရေ ရလဒ်ထွက်ပေါ်ထားတာပဲ ဖြစ်ပါတယ်။

#အက်စ်ပန်ညို #နေမာ