ရှေ့သို့
Image

ဂတ်ပိုရဲ့ဒဏ်ရာ ရရှိမှုနဲ့အတူ ဘရိုက်တန်ကို ရင်ဆိုင်ဖို့ ပွဲထွက်လူစာရင်းရွေးချယ်ရေး အခက်ကြုံနိုင်တဲ့ လီဗာပူး

11:19 AM, 2 October

လာမယ့်နိုင်ငံတကာသီတင်းပတ်အပြီးကာလအထိ တိုက်စစ်မှူးဂတ်ပို ဒဏ်ရာကြောင့် အနားယူရဖွယ် ရှိနေလို့ ဘရိုက်တန်နဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် လီဗာပူးအနေဖြင့် ပွဲထွက်လူစာရင်းရွေးချယ်ရာမှာ အခက်တွေ့နိုင်ဖွယ်ရှိပါတယ်။

မြောက်လန်ဒန်အရပ်မှာ တော့တင်ဟမ်ကို ၂-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွင်း မာဆေးဆိုဒ်ကလပ်ရဲ့ ကစားသမားနှစ်ဦးဖြစ်တဲ့ ကာတစ်ဂျုံးစ်၊ ဂျိုတာတို့ ထုတ်ပယ်ခံခဲ့ရသလို လူးဝစ်ဒီယက်ဇ်ရဲ့သွင်းဂိုးကိုလည်း လူကျွံဘောလို့သတ်မှတ်ကာ မှားယွင်းပယ်ဖျက်ခံခဲ့ရပါတယ်။ ဒီပွဲစဉ်ရဲ့ ပထမပိုင်းပွဲချိန်မပြီးမီ လီဗာပူးအတွက် ချေပဂိုး သွင်းယူပေးခဲ့တဲ့ ဂတ်ပိုကိုလည်း ဒဏ်ရာပြဿနာတစ်ခုကြောင့် ပထမပိုင်းပွဲချိန်အပြီးမှာ လူစားလဲလှယ်ခဲ့ရပြန်ပါတယ်။

ဒတ်ချ်ပြည်တွင်းမီဒီယာတွေရဲ့အဆိုအရ ဂတ်ပိုရဲ့ဒဏ်ရာ အခြေအနေက မပြင်းထန်ပေမယ့် သီတင်းပတ်များစွာ အနားယူရလိမ့်မယ်လို့ သိရပါတယ်။ ဒါ့ကြောင့် သူက ပြင်သစ်၊ ဂရိတို့နဲ့ အောက်တိုဘာလလယ်ပိုင်းမှာ ရင်ဆိုင်ရမယ့် နယ်သာလန် အသင်းရဲ့ ယူရိုခြေစစ်ပွဲစဉ်တွေကို လွဲချော်ဖွယ်ရှိနေပါတယ်။ ဒါပေမယ့် အောက်တိုဘာလကုန်ပိုင်းမှာတော့ ဂတ်ပို ဘောလုံးပြန်ကစားနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

အခုလိုသတင်းတွေက လီဗာပူးအတွက် ကံမကောင်းစေခဲ့ဘဲ ဂတ်ပိုဟာ လာမယ့်ကြာသပတေးနေ့၊ ယူနီယံစိန့်ဂီလွိုက်စ်နဲ့ ရင်ဆိုင်ရမယ့် ယူရိုပါလိဂ်အုပ်စုပွဲစဉ်သာမက လာမယ့်တနင်္ဂနွေနေ့၊ ဘရိုက်တန်နဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်ကိုပါ လွဲချော်တော့မယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ကလည်း တော့တင်ဟမ်ကို အရေးနိမ့်ခဲ့တဲ့ လိဂ်အဝေးကွင်းပွဲစဉ်အတွင်း သူကြုံတွေ့ခဲ့ရတဲ့ အကြီးမားဆုံးပြဿနာက ကိုဒီဂတ်ပိုရဲ့ ဒဏ်ရာရရှိမှုဖြစ်တယ်လို့ ပြောဆိုလာပါတယ်။

"အရိုးသားဆုံး ပြောရရင် အခုအခိုက်အတန့်မှာ ဒါက ကျွန်တော့်ရဲ့ အကြီးမားဆုံး ပြဿနာတစ်ရပ်ပါပဲ။ ကျွန်တော်တို့ ကစားသမားနှစ်ဦးဆုံးရှုံးထားရပြီး တတိယမြောက်ကစားသမားလည်း ရှိကောင်းရှိလာနိုင်ပါတယ်။ တကယ် ဆိုးရွားလွန်းပါတယ်။ ဟုတ်ပါတယ်၊ ဒါက ကျွန်တော်တို့ လက်ငင်းကိုင်တွယ်ဖြေရှင်းကိစ္စပါပဲ။ ဂတ်ပိုရဲ့ ဒဏ်ရာအခြေအနေက ပြင်းထန်နိုင်ဖွယ် ရှိပါတယ်။ ကျွန်တော်လည်း မသိရသေးပါဘူး။ သူ အထိန်းအချုပ်ကိရိယာတစ်ခု ဝတ်ဆင်ထားခဲ့ရပါတယ်။ သူ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အဲ့ဒီကန်ချက်အပြီးမှာ ဒဏ်ရာက ပိုဆိုးလာခဲ့ပါတယ်။ ဒီဒဏ်ရာကို ပြစ်ဒဏ်ကျူးလွန်မှုတစ်ခုဆီမှ ရရှိခဲ့တာပါ" လို့ ဆိုပါတယ်။

ဒီပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အပြီး ဂတ်ပိုနေရာမှာ ဂျိုတာက လူစားဝင်ကစားခဲ့ပါတယ်။ ဒါကြောင့် လာမယ့်သီတင်းပတ် ဘရိုက်တန်နဲ့ ရင်ဆိုင်ရမယ့် တိုက်စစ်ပိုင်းမှာ ဒါဝင်နူနက်ဇ် ပွဲထွက်လာဖွယ် ရှိပေမယ့် ကလော့ပ်ရဲ့အသင်း အရန်ခုံတန်းမှာ တိုက်စစ်မြှင့်တင်ဖို့၊ ပွဲအဖြေကိုပြောင်းလဲပေးနိုင်ဖို့ ရွေးချယ်စရာ ကစားသမားနည်းပါးနေပါလိမ့်မယ်။

#လီဗာပူး #ဘရိုက်တန် #ဂတ်ပို #ပရီးမီးယားလိဂ်