ရှေ့သို့
Image

ကိုဒီဂတ်ပိုရဲ့ဒဏ်ရာရရှိမှုက သူ့အတွက် အကြီးမားဆုံးပြဿနာလို့ ဖွင့်ဟလာတဲ့ ယာဂန်ကလော့ပ်

2:20 PM, 1 October

ယမန်နေ့ညပိုင်း၊ တော့တင်ဟမ်ကို အရေးနိမ့်ခဲ့တဲ့ လီဗာပူးရဲ့ လိဂ်အဝေးကွင်းပွဲစဉ်အတွင်း သူကြုံတွေ့ခဲ့ရတဲ့ အကြီးမားဆုံးပြဿနာက ကိုဒီဂတ်ပိုရဲ့ ဒဏ်ရာရရှိမှုဖြစ်တယ်လို့ နည်းပြယာဂန်ကလော့ပ်က ဖွင့်ဟပြောဆိုလိုက်ပါတယ်။ အခုပွဲစဉ်အတွင်း လီဗာပူးအတွက် လူးဝစ်ဒီယက်ဇ်ရဲ့သွင်းဂိုးကို လူကျွံဘောလို့သတ်မှတ်ကာ ပယ်ဖျက်ခံခဲ့ရသလို ကစားသမားနှစ်ဦးလည်း အနီကတ်ပြစ်ဒဏ်ဖြင့် ထုတ်ပယ်ခံခဲ့ရပါတယ်။ အငြင်းပွားဖွယ် VAR ဆုံးဖြတ်ချက်တွေနဲ့ ပြည့်နှက်ခဲ့တဲ့ ပွဲစဉ်မှာ အန်ဖီးလ်ကလပ်က တော့တင်ဟမ်ကို ၂-၁ ဂိုးဆိုတဲ့ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။


လီဗာပူးနည်းပြယာဂန်ကလော့ပ်က ဒီယက်ဇ်ရဲ့သွင်းဂိုးကို ခွင့်မပြုခဲ့တဲ့ ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သလို ဒိုင်လူကြီးများအစည်းအရုံး(PGMOL)ကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ ကလပ်အသင်းဆီ တောင်းပန်ခဲ့ပါတယ်။ ဒါ့အပြင် ပွဲပြီးချိန်မှာ ဂျာမန်လူမျိုးနည်းပြက ပွဲစဉ်တာဝန်ရှိသူတွေအပေါ် မယုံကြည်နိုင်လောက်အောင် ခံပြင်းဒေါသထွက်နေခဲ့ပါတယ်။ ဒါပေမယ့် ကလော့ပ်ရဲ့စိတ်ပျက်ရမှုအများစုက ဂတ်ပိုဒဏ်ရာရရှိမှုဆီမှာ ရောက်ရှိသွားပုံရပါတယ်။ ဒတ်ချ်တိုက်စစ်မှူးက အခုပွဲစဉ်မှာ လီဗာပူးအတွက် သွင်းဂိုးရယူနိုင်ခဲ့ပေမယ့် ပွဲချိန်အတွင်းမှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် ပထမပိုင်းပွဲချိန်အပြီး လူစားလဲလှယ်ခံခဲ့ရပါတယ်။ ကွင်းထဲမှထွက်ခွာချိန်မှာလည်း ဂတ်ပိုက ဒူးအထိန်းကိရိယာတစ်ခု တပ်ဆင်ထားခဲ့ရပြန်ပါတယ်။


လီဗာပူးနည်းပြကလော့ပ်ကတော့ ဂတ်ပိုရဲ့ဒဏ်ရာရရှိမှုကို အတည်ပြုလိုက်ပြီး အခုပွဲစဉ်အတွင်း ကြုံတွေ့ခဲ့ရတဲ့ ဒဏ်ရာရပွဲပယ်ပြဿနာတွေကြောင့် အသင်းရဲ့လာမယ့်ပွဲစဉ်တွေအတွက် စီနီယာကစားသမားသုံးဦး လက်လွှတ်ဆုံးရှုံးခဲ့ရပြီလို့ ဆိုပါတယ်။ "အရိုးသားဆုံးပြောရရင် ဒီပွဲစဉ်ရဲ့ အကြီးမားဆုံးပြဿနာက ဂတ်ပို ဂိုးမသွင်းယူမီ ဒဏ်ရာရခဲ့တာပါပဲ။ ကျွန်တော်တို့ ဖရီးကစ် ရရှိခဲ့ပါတယ်။ အခုချိန်မှာ သူက အထိန်းအချုပ်ကိရိယာတစ်ခုရဲ့ အကူအညီ ယူထားရပါတယ်။"


"အရိုးသားဆုံးပြောရရင် အခုအခိုက်အတန့်မှာ ဒါက ကျွန်တော့်ရဲ့ အကြီးမားဆုံးပြဿနာတစ်ရပ်ပါပဲ။ ကျွန်တော်တို့ ကစားသမားနှစ်ဦးဆုံးရှုံးထားရပြီး တတိယမြောက်ကစားသမားလည်း ရှိကောင်းရှိလာနိုင်ပါတယ်။ တကယ် ဆိုးရွားလွန်းပါတယ်။ ဟုတ်ပါတယ်၊ ဒါက ကျွန်တော်တို့ လက်ငင်းကိုင်တွယ်ဖြေရှင်းကိစ္စပါပဲ"လို့ လီဗာပူးအသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် ကလော့ပ်က ပြောပါတယ်။


ဂတ်ပိုရဲ့ဒဏ်ရာအခြေအနေ ပြင်းထန်သလားလို့ မေးမြန်းမှုကို ဂျာမန်သားက "ဖြစ်နိုင်ပါတယ်။ ကျွန်တော်လည်း မသိရသေးပါဘူး။ သူ အထိန်းအချုပ်ကိရိယာတစ်ခု ဝတ်ဆင်ထားခဲ့ရပါတယ်။ သူ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အဲ့ဒီကန်ချက်အပြီးမှာ ဒဏ်ရာက ပိုဆိုးလာခဲ့ပါတယ်။ ဒီဒဏ်ရာကို ပြစ်ဒဏ်ကျူးလွန်မှုတစ်ခုဆီမှ ရရှိခဲ့တာပါ" လို့ ဆိုပါတယ်။ အခုပွဲစဉ်မှာ ရရှိခဲ့တဲ့ အနီကတ်ပြစ်ဒဏ်ကြောင့် ဂျိုတာလည်း အသင်းရဲ့လာမယ့်ပြည်တွင်းပွဲစဉ်တစ်ခုကို ပါဝင်ခွင့်ရရှိမှာမဟုတ်လို့ လီဗာပူးက တိုက်စစ်မှူးနှစ်ဦးအထိ လက်လွှတ်ဆုံးရှုံးရပါတော့မယ်။ ဒါပေမယ့် တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ ဒါဝင်နူနက်ဇ်ကတော့ ဒဏ်ရာပြဿနာနဲ့အတူ ရုန်းကန်ခဲ့ရပြီးနောက် အသင်းရဲ့အရန်ခုံတန်းမှာ ပါဝင်လာခဲ့ပါတယ်။

#လီဗာပူး #ကလော့ပ် #ဂတ်ပို #ပရီးမီးယားလိဂ်