ရှေ့သို့
Image

နာပိုလီရဲ့ကြေညာချက်ထွက်ရှိလာပြီးနောက် အသင်းကို တရားမစွဲဖို့ ဆုံးဖြတ်လိုက်တဲ့ အိုဆီမန်

4:41 PM, 29 September

အိုဆီမန်အပေါ် လှောင်ပြောင်သရော်ထားတယ်လို့ အများကယူဆခဲ့တဲ့ နာပိုလီအသင်းရဲ့ အငြင်းပွားဖွယ် TikTok ဗီဒီယိုတွေနဲ့ပတ်သက်ပြီး ကစားသမားက စီးရီးအေကလပ်ကို တရားစွဲဖို့ကိစ္စ ဆက်မလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ကစားသမားရဲ့အေးဂျင့်ဖြစ်သူထံမှ သိရပါတယ်။

မကြာသေးခင်ရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာတွေမှတဆင့် အများပြည်သူထံ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုနှစ်ခုမှာ အသက်-၂၄ နှစ်အရွယ်တိုက်စစ်မှူးကို ဦးတည်လှောင်ပြောင်ခဲ့တယ်လို့ ယူဆဖွယ်ရှိတဲ့အရာတွေ ပါဝင်လာပါတယ်။ ပထမဗီဒီယိုမှာတော့ ဘိုလော့ဂ်နာနဲ့ပွဲစဉ်အတွင်း အိုဆီမန်ရဲ့ ပယ်နယ်တီလွဲချော်မှုအကြောင်းအရာပါဝင်ပြီး ဒုတိယဗီဒီယိုမှာတော့ သူ့ကို အုန်သီးတစ်လုံးနဲ့ နှိုင်းယှဉ်ထားပုံတွေ ပါဝင်ပါတယ်။

အခုဗီဒီယိုတွေနဲ့ပတ်သက်လို့ အိုဆီမန် အမျက်ချောင်းချောင်းထွက်ခဲ့ပြီး နာပိုလီအသင်းဘက်ကလည်း သူတို့ရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာရှိ ဗီဒီယိုတွေကို ဖျက်သိမ်းပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကစားသမားရဲ့အေးဂျင့်ဖြစ်သူကာလင်ဒါက တရားဥပဒေကြောင်းအရ တုံ့ပြန်ဖို့ စဉ်းစားထားတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ အခုလိုဖြစ်စဉ်တွေအပေါ် နာပိုလီအသင်းက ယမန်နေ့(ကြာသပတေးနေ့)မှာ ကြေညာချက်ထုတ်ဖြေရှင်းခဲ့ပေမယ့် ကစားသမားကို တောင်းပန်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး ဝေဖန်သံတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပြန်ပါတယ်။

ဒီနေ့ထုတ် Gazzetta dello Sport ရဲ့ ဖော်ပြမှုအရ အိုဆီမန်ရဲ့အေးဂျင့်ကာလင်ဒါက ကလပ်ရဲ့ကြေညာချက်ထွက်ပေါ်လာပြီးနောက် တရားစွဲဖို့အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ ပြောဆိုကြောင်း သိရပါတယ်။ နိုင်ဂျီးရီးယားတိုက်စစ်မှူးရဲ့ စာချုပ်သက်တမ်းက ၂၀၂၅ ခုနှစ်အထိဖြစ်ပြီး အခုလို အခြေအနေတွေကြောင့် စာချုပ်ကို သက်တမ်းတိုးဖို့အရေး ဖြစ်လာနိုင်ခြေနည်းပါးလာခဲ့ပါတယ်။ ဒါကြောင့် လာမယ့် ၁၂ လအတွင်းမှာ အိုဆီမန်တစ်ယောက် နေပယ်လ်မြို့ကို စွန့်ခွာသွားဖွယ်ရှိနေပါတယ်။

#စီးရီးအေ #နာပိုလီ #အိုဆီမန်